ရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ် သင်ဇာဝင့်ကျော်ဟာ ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး ရုပ်သံမှတ်တမ်းမှာ ပါဝင်ကူညီသရုပ်ဆောင်ဖို့ SSPP/SSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသကိုရောက်ရှိနေတယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။
SSPP/SSA က ဆောင်ရွက်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအကြောင်းရော၊ ဟိုင်းပါဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်ပါ ရည်ရွယ်ပြီး ရုပ်သံမှတ်တမ်းရိုက်ကူးဖြန့်ဝေမှာဖြစ်ကာ မြေပြန့်က ခရီးသွားဧည့်သည်တွေပါ စိတ်ဝင်စားအောင်ဆွဲဆောင်တဲ့အနေနဲ့ ထင်ရှားတဲ့ မင်းသမီးကိုပါ ဖိတ်ခေါ်လိုက်ရတာလို့ ဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ ဆောင်ရွက်နေတဲ့ ဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်ချက် ရုပ်သံမှတ်တမ်းရိုက်ကူးဖို့ပါ။ မြန်မာမော်လ်ဒယ်နဲ့ ရိုက်ကူးရတဲ့အကြောင်းကတော့ လူတွေပိုစိတ်ဝင်စားအောင်လို့ပါ။ တခြား ဘာမှရည်ရွယ်ချက်မရှိပါဘူး။ သူက နာမည်ကြီးတော့ ခရီးသွားလုပ်ငန်းပိုဆွဲဆောင်မှုရှိမလားပေါ့။”
သင်ဇာဝင့်ကျော်ဟာ ဝမ်ဟိုင်းကို ဒီတကြိမ် ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပြီး ရိုက်ကူးရေးကို မနေ့ကစတင်ကာ ဗိုလ်မှူးကြီးစိုင်းဆုရဲ့ သမီးကြီး မင်္ဂလာဆောင်ပွဲနဲ့လည်း ကြုံကြိုက်လို့ ရိုက်ကွင်းထဲကနေ SSPP စစ်သမီးဝတ်စုံနဲ့ပဲ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဝမ်ဟိုင်းဌာနချုပ်အနီးနဲ့ မိုင်းရှုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်ထားပြီး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သတင်းတွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းဆုကတော့ နယ်မြေတည်ငြိမ်အေးချမ်းနေပြီး ခရီးသွားဧည့်သည်တွေအနေနဲ့ ဝမ်ဟိုင်းရေတံခွန်မှာ ဘေးကင်းလုံခြုံစွာ လာရောက်အပန်းဖြေနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုအနည်းငယ်ရှိခဲ့ပေမဲ့ ဒေသခံရွာသားတွေအပေါ် ထိခိုက်မှုမရှိရလေအောင် SSPP ဘက်က ဆုတ်ခွာခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြန်ဆုတ်သွားပြီလို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆာင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဖို့မှာတော့ သူတို့ဘက်က အဆင်သင့်ဖြစ်နေပေမဲ့ နေပြည်တော်က ဖိတ်စာမရောက်သေးတာကြောင့် မသွားရသေးဘူးလို့ ဆိုပါတယ်။
“ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ် ကျနော်တို့ဘက်က ဆွေးနွေးဖို့အသင့်ပါပဲခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သွားတွေ့ဖို့လည်း အဆင်သင့်ပါ။ ဟိုဘက်က ဖိတ်စာမရောက်သေးလို့ပါခင်ဗျ၊ တိုက်ပွဲတွေဘယ်လောက်တိုက်တိုက် နောက်ဆုံးတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်းတာနဲ့ပဲ အဆုံးသတ်ရမှာပါ။ ရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ လည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကျနော်တို့ဘက်က ကမ်းလှမ်းထားတာ ၃ ကြိမ်ရှိပြီ၊ SNLD အနှစ် ၃၀ ပြည့် ကွန်ကရက်မှာတွေ့တုန်းက တကြိမ်၊ အဲဒီနောက် RCSS ဘက်ကတာဝန်ရှိတဲ့ စဝ်သာဦးကနေ တဆင့် နှစ်ကြိမ် ကမ်းလှမ်းထားတာ၊ ဟိုဘက်က ဘာမှအ ကြောင်းမပြန်သေးပါဘူး။”
SSPP/SSA ဟာ အန်စီအေ အပစ်ရပ်စာချုပ်မှာပါဝင်ခြင်းမရှိပေမယ့် စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ်လို့တော့ အကြောင်းပြန်ထားပြီးဖြစ်ပါတယ်။
ဒီကြားထဲ စစ်ကောင်စီတပ်က ကျေးသီးမြို့နယ် လျွိင်နိုင်းနဲ့ မန်ဝိန်းဒေသရှိ စခန်း ၃ ခုကို နောက်ဆုတ်ရွှေ့ပြောင်းဖို့ ဇွန် ၄ ရက်က အမိန့်ပေးခဲ့ပေမဲ့ SSPP ဘက်က သူတို့မူလရှိနေတဲ့နေရာဆိုပြီး မပြောင်းလို့ နှစ်ဘက်စစ်ရေးတင်းမာမယ့် အခြေအနေရှိခဲ့ပါတယ်။