ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၄ ရက် မနက်က ဆောက်လက်စ အဆောက်အဦပြိုကျပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၅ ရပ်ကွက်၊ ပတ္တမြားလမ်းမှာ ဆောက်လုပ်ဆဲ နှစ်ထပ် အဆောက်အဦ ပြိုကျခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့တဲ့ အမျိုးသားတဦးက ပြောပါတယ်။
“မနက် ၁၀ နာရီလောက်က ဖြစ်တာ။ ဆောက်လက်စ အဆောက်အဦ နောက်ဘက်ခြမ်းပြိုကျတာ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။”
ဆောက်လုပ်ဆဲ ပေ ၂၀ x ၆၀ အဆောက်အဦ အနောက်ဘက်ခြမ်း ပေ ၂၀ လောက် ပြိုကျခဲ့ပြီး ၇ ဦး ဒဏ်ရာရှိခဲ့တာပါ။
ဒဏ်ရာစိုးရိမ်ရတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာမပြင်းထန်တဲ့ အမျိုးသား ၅ ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ပို့ဆောင် ဆေးကုသပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။