ဘာကီနာဖာဆို အာဏာသိမ်းစစ်တပ်၏ အသွင်ကူးပြောင်းရေးကတိကို အနောက်အာဖရိက ခေါင်းဆောင်များ လက်ခံ

အနောက်အာဖရိကခေါင်းဆောင်တွေဟာ ဂါနာနိုင်ငံရဲ့ မြို့တော်အက်ခရာက အစည်းအဝေးအတွင်း ဘာကီနာဖာဆိုနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အသွင်ကူးပြောင်းရေး  ကတိကို လက်ခံလိုက်ကြပါတယ်။

အာဏာသိမ်း ဘာကီနာဖာဆိုနိုင်ငံ စစ်အစိုးရက ၂၄ လအတွင်း အခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ဇန်နဝါရီလမှာ ကတိပြုခဲ့တာပါ။

၃၆ လကြာ အသွင်ကူးပြောင်းရေး အဆိုပြုချက်ကို အနောက်အာဖရိက စီးပွားရေး လူ့အဖွဲ့အစည်း အီကိုဝက်စ်အဖွဲ့က နိုင်ငံ့ခေါင်းဆောင်တွေက ပယ်ချအပြီး ဘာကီနာဖာဆိုက အာဏာသိမ်းခေါင်းဆောင်တွေနဲ့ လချီဆွေးနွေးခဲ့တယ်လို့ အီကိုဝက်စ်ရဲ့ကော်မရှင်ဥက္ကဋ္ဌ ယန်း ကလော့ဒီ ကက်စီဘရူက ပြောပါတယ်။

အဲဒီနောက် ၂၄ လကြာ အသွင်ကူးပြောင်းရေးအတွက် အဆိုပြုချက်က လက်ခံနိုင်စရာ ပိုဖြစ်လာခဲ့ပြီလို့ သူက ဆက်ပြောပါတယ်။

ဘာကီနာဖာဆိုအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်း ပြီးပြီလို့ သူက ပြောပါတယ်။

အီကိုဝက်စ် ခေါင်းဆောင်တွေဟာ ဂီနီနိုင်ငံမှာ စက်တင်ဘာက အာဏာသိမ်းခဲ့တဲ့ အာဏာသိမ်း ခေါင်းဆောင်တွေ အဆိုပြုထားတဲ့ ၃ နှစ်ကြာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုတော့ ပယ်ချခဲ့ပါတယ်။

ဂီနီစစ်အစိုးရဟာ ဇူလိုင်လကုန်ပိုင်းမှာ အချိန်ဇယားအသစ်ကို အဆိုပြုဖို့နဲ့ မပြုနိုင်ရင် ဒဏ်ခတ် မယ်လို့ အီကိုဝက်စ် ခေါင်းဆောင်တွေက ပြောခဲ့ကြပါတယ်။

//
More News
Up