Home
မြန်မာသတင်း
တိုင်းပြည်အာဏာ ပြည်သူ့ထံပြန်အပ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
DVB
·
July 4, 2022

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဇူလိုင် ၃  ရက်က ပုဂံမြို့မှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းနဲ့ မြန်မာ့အရေးဆွေးနွေးရာမှာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့  နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက ပြောဆိုခဲ့တာလို့ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့  တရုတ်နိုင်ငံရဲ့ မျှော်လင့်ချက်သုံးရပ်အကြောင်း  မစ္စတာ ဝန်ယိက ပြောပါတယ်။ 

ပထမအချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်တွေအောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ဖို့ တရုတ်နဲ့ အာဆီယံ ပူးတွဲလုပ်ဆောင်ဖို့မျှော်လင့်ကြောင်း  မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံရဲ့အခင်းအကျင်းနဲ့ ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနဲ့ လက်တွေ့ကျမှု၊ အပြန်အလှန် နားလည်သည်းခံမှုတွေနဲ့ ဘက်ပေါင်းစုံရဲ့ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ မြန်မာ့ဝိသေသလက္ခဏာဆောင်တဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

တတိယအချက်မှာ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲကာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေ အခြေခံမူနဲ့ အစဉ်အလာတွေကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နဲ့ နှောင့်ယှက်မှုတွေကို  ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”ကို  အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံရဲ့ စည်းလုံးညီညွတ်တဲ့  ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းဖို့ မျှော်လင့်ကြောင်းနည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ဟာလည်း သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အခြေအနေတွေကို မိတ်ဆက်ပြောကြးခဲ့တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ဇူလိုင် ၂ ရက်ကတည်းက မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024