ကျောင်းဆရာ/ ဆရာမ ၆ ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) က ပြန်လွှတ်ပေး

ဖမ်းဆီးထားတဲ့ Non CDM ကျောင်းဆရာ/ဆရာမ ၆ ယောက်ကို  ဇူလိုင် ၃ ရက်က  ပြန်လွှတ်ပေးလိုက်ပြီလို့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) က ထုတ်ပြန်ပါတယ်။

ပြည်နယ်အတွင်း ကလေးငယ်တွေရဲ့ပညာရေးကို အလေးထားပြီး စစ်ပွဲကာလ ကလေးငယ်တွေ ပညာသင်နိုင်ရေး စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ဖို့ ခွင့်ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ကိုဘိုဘိုက “သူတို့ကို မနေ့ကတည်းက လွှတ်ပေးလိုက်တာခင်ဗျာ။ ပညာရေးက ကျနော်တို့ရဲ့ ဦးစားပေးပေါ့နော်။ အလေးထားတဲ့အထဲမှာ ပါတဲ့အတွက် ဒီကရင်နီဒေသထဲမှာ ပညာရေးအတွက် သင်ကြားတဲ့ဆရာ/ဆရာမတွေကလည်း လိုတယ်။ လိုတဲ့အတွက် သူတို့ကို ကျနော်တို့က အရေးယူတာမျိုးတော့ မရှိတော့ဘူး။ ဝန်ခံကတိထိုးခိုင်းပြီးတော့မှ လွှတ်ပေးလိုက်တာပါ။”လို့ပြောပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ ဖွင့်လှစ်မယ်ဆိုပါက သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ကာကွယ်ရေးအဖွဲ့တွေကို ဆက်သွယ်အကြောင်းကြား အသိပေးပြီး ခွင့်ပြုချက်ရယူပေးဖို့နဲ့ ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေးအတွက် ဆရာဆရာတွေ လိုအပ်နေတဲ့အတွက် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်ကြားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းက NonCDM ဆရာ/ ဆရာမ  ၆ ယောက်ဟာ  ဇွန် ၂၄ ရက်က  ကရင်နီရဲ နဲ့ ပူးပေါင်းအဖွဲ့က  ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေကတော့  အထက်တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြဆရာမ ဒေါ် ခင်သန်း၊ ဒေါ်စုလေးငယ်၊ ဒေါ်မြထွေး၊ မူလတန်းပြဆရာ ဦးအောင်ဇော်ထွေး၊ ဦးကောင်းဇေယျာငြိမ်းနဲ့ ဦးအောင်ဇော်ထွေး တို့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတာ တနှစ်ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီဒေသအတွင်းမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့၊ KA၊ KNDF၊ PDFနဲ့ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

//
More News
Up