လောင်စာဆီဈေးကြီးမှု ဖြေရှင်းပေးရန် ရှပ်နီအဖွဲ့ ဘန်ကောက်တွင် ဆန္ဒပြ

ထိုင်းနိုင်ငံမှာ လောင်စာဆီဈေးနှုန်းကြီးမြင့်နေတဲ့ပြဿနာကို အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးဖို့  ဘန်ကောက်မြို့မှာ  ရှပ်နီအဖွဲ့က ဦးဆောင်ဆန္ဒပြနေပါတယ်။

“တိုင်းပြည်ကိုဦးစားပေးပါ”လို့ အမည်ပေးထားတဲ့ အဆိုပါဆန္ဒထုတ်ဖော်ပွဲကို  ဘန်ကောက်မြို့၊ ဆောဝ်ချင့်ချားနယ်မြေ၊ ဒင်းဆော်လမ်းရှိကွင်းပြင်မှာ ပြည်သူ့ဟစ်တိုင်နေရာမှာ ဇူလိုင် ၃ ရက် ညနေက စတင်တဲ့ဆန္ဒပြပွဲကို  ရှပ်နီအဖွဲ့က နိုင်းကျဒူးဖွဏ်းနဲ့ ရှေ့နေနုတ်ခေါင်တို့က ဦးဆောင် ပြုလုပ်ခဲ့တာပါ။

ဒီဆန္ဒထုတ်ဖော်မှုဟာ အာဏာရှိသူ ၊ လုပ်ငန်းရှင်စတဲ့ လူတွေအပေါ်မူတည်တာ မဟုတ်ဘဲ ပြဿနာရင်ဆိုင်နေရတဲ့ ပြည်သူတိုင်းနဲ့ သက်ဆိုင်ကြောင်း၊ အရင်ကတော့ မိမိအားပေးတဲ့ အဖွဲ့အစည်းကိုလည်းကောင်း လူပုဂ္ဂိုလ်ကိုလည်းကောင်း မျက်နှာမူပြီးဘက်လိုက်ဆန္ဒပြတာကြောင့် ပြည်သူချင်းချင်းလည်း ဟိုဘက်လူဒီဘက်လူနဲ့ အကွဲကွဲအပြားပြားဖြစ်ခဲ့ကြောင်း၊ ဒီကနေ့ကစတဲ့ ဆန္ဒထုတ်ဖော်မှုမှာတော့ ပြည်သူအချင်းချင်းစည်းလုံးညီညွတ်ပြီး ပြည်သူ့ပြဿနာတွေ ဝိုင်းဝန်းဖြေရှင်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းမှာ လောင်စာဆီဈေးတက်ရာက ကုန်ဈေးနှုန်းတွေပါလိုက်တက်လာပြီး ဒီဒဏ်ကို ပြည်သူတွေခံနေရကြောင်း၊ ကမ္ဘာမှာဆီဈေးတက်လို့ နိုင်ငံခြားကနေ ဆီဈေးကြီး ပေးပြီး မှာယူတင်သွင်းရတာမှန်ပေမယ့် ဘယ်လောက်နဲ့ဝယ်ပြီးဘယ်လောက်နဲ့ ပြန်ရောင်းတယ်ဆိုတာ ပြည်သူကို ပွင့်လင်းမြင်သာချပြဖို့ လိုအပ်ကြောင်း၊ စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုအခွင့် ကောင်းယူပြီး ဈေးကိုပိုမြှင့်တာတွေမလုပ်သင့်ကြောင်း၊ အစိုးရအနေနဲ့လည်း လုပ်ငန်းရှင်တွေကို ဦးစားမပေးဘဲ  ပြည်သူတွေကို ဦးစားပေးဖို့ ဆန္ဒပြသူတွေက စင်မြင့်ပေါ်မှာ ဆွေးနွေးဖလှယ်ကြပါတယ်။

လောင်စာဆီနဲ့ ပတ်သက်တဲ့ဆန္ဒထုတ်ဖော်နေတုန်းမှာဘဲ နာ့်သ်ဆင်ပတိဝပ်အဖွဲ့ကလည်း ပုဒ်မ ၁၁၂ အရ ဖမ်းဆီးထားတဲ့လူတွေ ပြန်လွှတ်ပေးပါ ဆိုတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော်ကြပါတယ်။

အခုလို ပူးပေါင်းလာတဲ့အပေါ် လောင်စာဆီဆန္ဒပြတဲ့ခေါင်းဆောင်တွေက ခေါင်းစဉ်လာမရောသင့်ဘူးလို့ ပြောဆိုခဲ့ပေမဲ့ နာ့သ်သဆင်အဖွဲ့ကလည်း ပုဒ်မ ၁၁၂ အရေးဟာလည်း ပြည်သူ့အရေးကိစ္စဖြစ်ပဲလို့ အခြေအတင် ပြန်ပြောကြားခဲ့ပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒီနေရာဟာ ပြည်သူ့ဟစ်တိုင်လို့ဆိုပေမဲ့ ဘယ်အဖွဲ့မဆို  ဆန္ဒထုတ်ဖော်လိုပါက အရင်ဆုံးခွင့်ပြုချက်တောင်းရမှာဖြစ်တယ်လို့ ပြောတာကြောင့် ပုဒ်မ ၁၁၂ အဖွဲ့က ပြန်ရုပ်သိမ်းသွားကြပါတယ်။ 

ကိုးကား - https://www.voicetv.co.th

//
More News
Up