ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးမှာ ဇူလိုင် ၄ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ၊ ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှည်းတန်းဈေးနဲ့ ၂ လမ်းထိပ်အနီးမှာ သေနတ်နဲ့ ၅ ချက်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
"မနက် ၉ နာရီလောက်က သေနတ်သံ ၅ ချက်လောက်ရှိမယ် ပစ်သွားတာ။ အမျိုးသမီး တယောက်ကတော့ အဲ့ဒီနေရာမှာ သေတယ်။ နောက်တယောက်က ဒဏ်ရာရလို့ ဆေးရုံကားနဲ့လာ ခေါ်သွားတယ်။ ဈေးသည် အချို့ကတော့ ပစ်ခတ်မှုဖြစ်ပြီး သိမ်းသွားကြပြီ၊ ဘယ်သူပစ်လဲဆိုတာတော့မသိရဘူး” လို့ လှည်းတန်းဈေး အနီးနေထိုင်သူတဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အမျိုးသမီး နှစ်ဦးဟာ စစ်ကောင်စီ သတင်းပေးသူတွေ ဖြစ်တဲ့အတွက် ပစ်ခတ်ခံရတာဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်က ပြောဆိုနေပေမယ့် DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး လှည်းတန်းစျေးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လှည်းတန်း ပေ ၅၀ လမ်းမှာ ဇွန် ၃၀ ညပိုင်းက လမ်းဘေးစျေးဆိုင်တွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။