စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာမှာ အထိုင်ချ တပ်ဆွဲကာ ညဘက်ကင်းလှည့်ထွက်လာတဲ့ ဆိုင်ကယ်ရှစ်စီးနဲ့ တပ်သား ၁၅ ယောက်အဖွဲ့ကို ဇူလိုင် ၁ ရက် ညဦးပိုင်းအချိန် ရွာအနောက်ဘက် အထွက် ကျွန်းပင်တန်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Taze Supporting Organization - TSO တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
"စကစစစ်သားတွေ အဲဒီနားမှာ အခုထိ ရှိနေကြတုန်းပဲ။ မီးထိုးပြီး လိုက်ရှာနေကြတယ်။ အသေ အပျောက်အထိအခိုက်တော့ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတာတော့ရှိနိုင်တယ် "လို့ TSO မှ ရဲဘော်တဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်ခံရတဲ့ နေရာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ တန့်ဆည်မြို့ပေါ်မှာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ကြတယ်လို့ မြို့ခံတွေထံကသိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ လုံခြုံတဲ့နေရာကို ပြန်ရောက်ကြပြီလို့ TSO အဖွဲ့ကဆိုပါတယ်။