Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၅ ခု သိမ်းပိုက်နိုင်ခဲ့ဟု ကေအန်ယူထုတ်ပြန်
DVB
·
July 3, 2022

စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုကို မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးတယောက် သေဆုံးခဲ့သလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဗဟိုက ထုတ်ပြန်ပါတယ်။

ကေအန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေထဲမှာရှိတဲ့ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနဲ့ ကျောင်းစုစခန်းတို့ကို မနေ့က တပ်မဟာ ၃ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ)  နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ဒီစခန်းတွေဟာ သွားလာလှုပ်ရှားတာကို ဟန့်တားနှောင့်ယှက်စစ်ဆေးပြီး နယ်မြေစိုးမိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနဲ့ ကျောင်းစုစခန်းသိမ်းတိုက်ပွဲတို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ယောက် သေဆုံးပြီး ကျန်တဲ့သူတွေကတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြကြောင်း၊ စခန်းတွေကို အပြီးအပြတ်ရှင်းလင်းနိုင်ခဲ့ပြီး သေနတ် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာတော့ နှစ်ဖက်အထိအခိုက် အကျအဆုံးများပြီး သေဆုံးထိခိုက်တဲ့ အရေအတွက်ကိုတော့ အတည်ပြုဖို့ ကြိုးစားနေတုန်းလို့ ထုတ်ပြန်ထားပါတယ်။

အပြီးသတ် စခန်းရှင်းလင်းရေးလုပ်မယ့်အချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးခဲ့လို့ အပြီးသတ် မရှင်းလင်းနိုင်သေးဘဲ လေကြောင်းပစ်ကူပေးရာမှာလည်း တိမ်းရှောင်ထွက်ပြေးတဲ့ အရပ်သားတွေအပေါ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်တာကြောင့် စောဘီးချယ်နဲ့ မိသားစု ၄ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သလို ကျွန်းပင်ဆိပ်ရွာက အသက် ၇၀ အမျိုးသားတယောက်ဟာ ရင်ဘတ်နဲ့ ပေါင်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ထိခိုက်ဒဏ်ရာရတာတွေနဲ့ တိမ်းရှောင်နေကြရတဲ့ရွာတွေကို အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်နေတဲ့အပြင် စစ်ကူတွေထပ်ပို့နေတာကြောင့် တိုက်ပွဲတွေ ဆက်ပြင်းထန်နိုင်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို စစ်ရေး လုံခြုံရေးအရ လိုအပ်သလို ထုတ်ပြန်ကြေညာပေးသွားမယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024