Home
မြန်မာသတင်း
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ ပုဂံရောက်
DVB
·
July 3, 2022

တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ဇူလိုင် ၂ ရက်နေ့က မြန်မာနိုင်ငံ ပုဂံမြို့မှာ ရောက်ရှိနေပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမှာ မြန်မာနိုင်ငံက တရုတ်နဲ့  ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်  (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပဖို့ရှိနေတာပါ။ 

မနေ့က ညောင်ဦးလေဆိပ်သို့ အထူးလေယာဉ်နဲ့ ရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို  စစ်ကောင်စီ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နဲ့  သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်မှာ ကြိုဆိုခဲ့တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့အတူ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံမှာတော့ ဇွန်လ တတိယပတ်က စတင်ကာ စစ်ကောင်စီက လက်နက်ကိုင် လုံခြုံရေးအင်အား ၁,၀၀၀ ကျော်လောက် ချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပုဂံမြို့ဟောင်းဘက်က နှစ်လမ်းသွားလမ်းရဲ့ လမ်းဘေး ပလက်ဖောင်းတွေမှာ စည်ပင်က ထုံးသုတ်ပြီး သစ်ပင်တွေနဲ့ ခြံစည်းရိုးတွေကိုတော့ ပြည်သူတွေကို ထုံးသုတ်ခိုင်းနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လန်ချန်း-မဲခေါင် အစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်ဖို့ စီစဉ်ထားပြီး အစည်းအဝေးကို တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာ စတဲ့ ၅ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိတာဖြစ်ပါတယ်။

Photo- MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024