Home
ဆောင်းပါး
အင်းဝပျက်ကိန်းထက် ပိုဆိုးမယ့် စစ်အခွင့်ထူးခံတို့ ဇာတ်သိမ်း
DVB
·
July 3, 2022

အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံဖြစ်ဖြစ် ပျက်သုဥ်းတော့မယ်၊ အုပ်ချုပ်ပုံစနစ် ပြောင်းတော့မယ်ဆိုရင် ပြသလာတဲ့ လက္ခဏာရပ်တွေထဲမှာ ထင်ရှားသိသာတဲ့ လက္ခဏာရပ်တွေကတော့ ကာကွယ်ရေးနဲ့ လုံခြုံ‌ရေးတပ်ဖွဲ့ အင်အားဆုတ်ယုတ် ချည့်နဲ့လာခြင်း၊ မှန်ကန်တဲ့ အုပ်ချုပ်ရေးအာဏာစက် မသက်ရောက်နိုင်တော့တာမို့ တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ရာဇဝတ်မှု ထူပြောလာခြင်း၊ စီးပွားရေး ယုတ်လျော့ပြိုပျက်ခြင်း၊ အစာရေစာ ရှားပါးပြတ်လပ်လာခြင်း၊ အနာရောဂါ ထူပြောလာခြင်း အကျင့်ပျက်ခြစားမှုတွေ အဆိုးဝါးဆုံးအခြေကို ရောက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။

မြန်မာ့ရာဇဝင်မှာ အင်းဝနိုင်ငံတော်ကြီးကို ပျက်သုဥ်းစေပြီး ညောင်ရမ်းမင်းဆက် ပြတ်သွားစေတဲ့ မင်းဟာ ဟံသာဝတီရောက်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကြာသပတေးမင်းခေါ် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ မင်းဆိုးမင်းညံ့တပါး ဖြစ်ပါတယ်။

အင်းဝနိုင်ငံတော်ကို အလုံးစုံပျက်စီးသွားစေတဲ့ ဟံသာဝတီရောက်မင်းဟာ သူ့ခမည်းတော် တနင်္ဂနွေမင်းလွန်တဲ့အချိန်မှာ အများပြည်သူက သူ့ဦးရီးတော် သရက်စားမင်းသားကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိသူအဖြစ် လိုလားခဲ့ကြပေမဲ့ သီရိဇေယျနော်ရထာဘွဲ့ခံ နန်းရင်းဝန်ကြီးဦးပုက ဦးဆောင်ပြီး နန်းတင်ခဲ့တာမို့ ၁၆ နှစ်သားမှာ အရိုက်အရာကို ဆက်ခံခွင့်ရပြီး မဟာဓမ္မရာဇာဓိပတိဘွဲ့ခံလို့ (၁၇၃၃ - ၁၇၅၂) မင်းဖြစ်ခဲ့တာဖြစ်တယ်။

ဟံသာဝတီရောက်မင်းဟာ မင်းဖြစ်ထိုက်တဲ့ အရည်အချင်း၊ စိတ်ဓာတ်၊ ဉာဏ်ပညာ အတွေးအခေါ်မရှိဘဲ ဂါထာ၊ မန္တရား အဆောင်လက်ဖွဲ့၊ အထက်လမ်း၊ အောက်လမ်း လောကီအစီအရင်တွေကို ပြုလုပ်တာ‌တွေနဲ့ အလုပ်ရှုပ်ပြီး ဗေဒင်၊ ယတြာတွေကို အလွန်ယုံ လိုက်စားပါတယ်။

အသက်ကငယ်၊ စိတ်ဓာတ်ကညံ့၊ အရည်အချင်း မပြည့်မီတော့ တိုင်းရေးပြည်ရာကိစ္စတွေကို စိတ်မဝင်စား၊ သောက်စားပျော်ပါးလို့သာ အချိန်ကုန်သတဲ့။ ခမည်းတော်လက်ထက်ကတည်းက ပျက်စီးခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ပြည်ပကျူးကျော်နှောင့်ယှက်မှုများကို ဖြေရှင်းဖို့ တာဝန်ရှိပေမဲ့လည်း ဗေဒင်ကိန်းခန်းနှင့် ဇာတာခွင်စစ်ဆေးတဲ့ အလုပ်တွေမှာသာ အာရုံထားပြီး တိုင်းပြည်အုပ်ချုပ်‌ရေးတာဝန်ကို လျစ်လျူရှုနေခဲ့တယ်။

သစ္စာမဲ့ပြီး ဆင်ခြင်တုံတရားကင်းသူမို့ စိတ်ဓာတ်မပြည့်ဝတဲ့ သူ့ငယ်ဆရာ ရွှေဖြိုးကို နန္ဒမိတ်ကျော်ဘွဲ့ အမည်နဲ့ အပါးမှာ ခစားစေ‌ခဲ့တော့ ရွှေဖြိုးနဲ့ အပေါင်းအပါတွေက သွေးထိုးတာကိုယုံပြီး သူ့ကို နန်းတင်ပေးခဲ့တဲ့ နန်းရင်းဝန်ဦးပု အပါအဝင် ရွှေတိုက်စိုး၊ အသည်ဝန်၊ သက်တော်ရှည်အမတ်ကြီးနဲ့ အခြားဝန်တပါး အပါအဝင် အရေးပါတဲ့ ပညာရှိ မှူးကြီးမတ်ရာတွေကို ကွပ်မျက်ခဲ့တယ်။

လူမိုက်တွေ မြှောက်ပင့်တဲ့လူတွေကို ချီးမြှောက်တယ်။ မတန်မရာ ဘွဲ့ထူး ဂုဏ်ထူးတွေပေး၊ လုပ်ပိုင်ခွင့်တွေ ပေးတယ်။ လူဆိုးလူမိုက်တွေ မင်းမူကြီးစိုးပြီး သူ့ခေတ်မှာ လူဆိုးသူခိုးက ဆင်စီး ရွှေထီးဆောင်းပြီး ဓားပြတိုက်သတဲ့။ လူကောင်းတွေ ဘေးရောက် ပြည်သူတွေ လွန်မင်းစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။

ဗုဒ္ဓရှင်တော်ရဲ့ အဆုံးအမတရားတွေအပေါ် မှန်ကန်တဲ့အမြင်မရှိ၊ သဒ္ဓါမကြည်လင်တာမို့ သာသနာကို ဖျက်ဆီးသလို ဖြစ်ခဲ့တယ်။ သူ့လက်ထက်မှာ ရဟန်းကြီးကြိုက်ဆိုတဲ့ သေရည်အရက်ကိုတောင် ဖန်တီးခဲ့တယ်။

နိုင်ငံအုပ်ချုပ်ရေး မနိုင်နင်းတဲ့အပြင် ထင်ရာလုပ်နေတော့ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေဖြစ်၊ ပုန်ကန်မှုတွေပေါ်ပေါက်၊ နယ်မြေတွေဆုံးရှုံး၊ အခွန်ပဏ္ဍာတွေလျော့နည်း၊ စီးပွားရေးချွတ်ခြုံကျ၊ လက်နက် လူသူအင်အား ရိက္ခာ ချည့်နဲ့လာနေပါလျက် အရပ်လေးမျက်နှာမှာ စစ်တိုက်တယ်၊ ရန်သူဝိုင်းဝိုင်းလည်လာတော့ ရဲမက်စစ်သည်တော်တွေလည်း ပင်ပန်းဆင်းရဲခြင်းကြီးကြတာမို့ လွန်စွာဖောက်ပြန်ကြသတဲ့။

မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီ‌ရောက်မင်းရဲ့ ယုတ်ညံ့တဲ့စိတ်ဓာတ်ကို ဖော်ညွှန်းတဲ့ သူ့စကားကတော့—

“ငါချစ်သူကို ချစ်ရမယ်၊
ငါမုန်းသူကို မုန်းရမယ်၊
ငါနဲ့မတည့်သူဟာ ငါ့ရန်သူပဲ” ဆိုတာပါပဲ။

အဲဒီလို အရည်အချင်းမဲ့ ညံ့ဖျင်းတဲ့‌ ခေါင်းဆောင်လက်အောက်မှာ အင်းဝနိုင်ငံတော်ကြီး အင်အားချည့်နဲ့လာချိန်မှာ အောက်မြန်မာနိုင်ငံက မွန်တို့ဌာနီ ဟံသာဝတီမှာ ဆင်မှုကျွမ်းကျင်လို့ အင်းဝမင်းက ဟံသာဝတီ-ပဲခူးရဲ့ ဆင်ဝန်ခန့်ထားသူ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့အမည်နဲ့ နန်းတက်လာနိုင်ခွင့်ရတော့ ညီတော်အကြီးကို ဥပရာဇာဘွဲ့‌ပေး အိမ်ရှေ့အရာထား၊ ညီတော်အငယ်ကို ဗညားဒလဘွဲ့ပေးပြီး အင်းဝကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ပြင်လာခဲ့တယ်။

ဟံသာဝတီက ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနဲ့တကွ ချီတက်လာပြီး အင်းဝမြို့ကို ဝန်းရံလုပ်ကြံခဲ့ကြပါတယ်။ အင်အားချည့်နဲ့နေတဲ့ အင်းဝပြည်မှာ အများပြည်သူ ဆင်းရဲသားတွေ မင်းဆိုးမင်းညစ်လက်အောက် ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် ဆန်ရေစပါး ရှားပါးငတ်မွတ်လို့ စစ်သည်တော်တွေ ကောင်းစွာမခုခံ မတိုက်ခိုက်နိုင်ဘဲ အင်းဝပျက်ကိန်း‌ ထောက်လို့ ဟံသာဝတီလက်‌အောက်ကို ကျရောက်ခဲ့ရတယ်။

ဒီလိုနဲ့ ၁၇၅၂ ခုနှစ်မှာ အင်းဝကျလို့ မဟာဓမ္မရာဇာဓိပတိမင်းဟာ ဆွေတော်မျိုးတော်တွေနဲ့တကွ ဟံသာဝတီသို့ ခေါ်‌ဆောင်ခံရပြီး အကျယ်ချုပ်ခံထားရာက ဟံသာဝတီဘုရင် ဗြမိုင်းဓိရာဇာက နောက်ရန်အေးစေဖို့ ၁၇၅၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေမှာ အဆွေအမျိုးတွေနဲ့တကွ ရေချကာ ကွပ်မျက်ခဲ့တာကြောင့် မရှုမလှ အသက်ဆုံးရှုံးရပြီး ညောင်ရမ်းမင်းဆက် ပြတ်ခဲ့ရတာဖြစ်တယ်။

ကဲ အခု အင်းဝပျက်ကိန်းနဲ့ တထေရာတည်းတူနေတဲ့ စစ်အခွင့်ထူးခံတို့ ဇာတ်သိမ်းခန်းကို ပြန်ကြည့်ရအောင်။ စိတ်ဓာတ်ကညံ့၊ အရည်အချင်းမပြည့်မီတဲ့ ဟံသာဝတီ‌ရောက်မင်းနဲ့ စစ်ဓားပြ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့မှာ ဘုံတူညီတဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ အများကြီးရှိတာ တွေ့ရပါတယ်။

၁) ပြည်သူတွေက လိုလားနှစ်သက်မှုမရှိဘဲ ယုံကြည်ကိုးစားမှုမရတာ၊

၂) ဗေဒင်၊ ယတြာတွေ၊ လောကီအစီအရင်တွေမှာ ယုံကြည်လိုက်စားတာ၊

၃) မဟာဓမ္မရာဇာဓိပတိ၊ လောကသရဖူ၊ သီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာသရေစည်သူဘွဲ့ စတဲ့ မတန်မရာ ဂုဏ်ထူးဘွဲ့ထူးတွေ ကိုယ့်ကိုယ်ကိုနဲ့ နောက်လိုက်လက်ပါးစေတွေကို ချီးမြှင့်တာ၊

၄) ပညာရှိတွေ၊ သူတော်ကောင်းတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊

၅) နိုင်ငံအတွင်း မတည်ငြိမ်မှုတွေဖြစ်၊ ပုန်ကန်မှုတွေပေါ်ပေါက်၊ နယ်မြေတွေဆုံးရှုံး‌စေတာ၊

၆) အရပ်လေးမျက်နှာမှာ စစ်တိုက်ပြီး ရန်သူဝိုင်းဝိုင်းလည်တာ၊

၇) အခွန်ဘဏ္ဍာရရှိမှုတွေ လျော့နည်း စီးပွားရေး ချွတ်ခြုံကျလာတာ၊

၈) လက်နက်လူသူအင်အားရိက္ခာ ချည့်နဲ့လာတာ၊

၉) မိမိတကိုယ်ကောင်းကြည့်ပြီး အာဏာယစ်မူးတာ၊

၁၀) လူဆိုးသူခိုးလူမိုက်တွေကို နေရာပေးတာ၊

၁၁) အကျင့်ပျက်ခြစားမှု တိုးပွားစေတာ၊

၁၂) ရာဇဝတ်မှုထူပြောစေပြီး တိုင်းသူပြည်သားတွေကို ဆင်းရဲဒုက္ခရောက်စေတာ၊

၁၃) အချိန်နဲ့အမျှ အာဏာသက်ရောက်မှု လျော့နည်းလာတာ၊

၁၄) အနာရောဂါတွေ ထူပြောလာတာ၊

၁၅) ကျေးဇူးတရားမသိတတ်တာ၊

၁၆) သစ္စာမဲ့တတ်တာ၊

၁၇) တရားဥပဒေစိုးမိုးမှုမရှိတာ၊

၁၈) သာသနာကိုဖျက်ဆီးတာ စတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရူးမင်းအောင်လှိုင်ဟာ ဘုရင်မိုက် ဟံသာဝတီရောက်မင်းထက် ပိုယုတ်ညံ့ပြီး မိုက်မဲတာ‌တွေကတော့

 ၁) ကတိမတည်တာ၊

၂)  လိမ်ညာမုသားဆိုတတ်တာ၊

၃) မိစ္ဆာဝါစာ ပိန်ဖျင်းတဲ့စကားဆိုတတ်တာ၊

၄) ကိုယ့်ပြည်သူကိုပြန်သတ်ဖြတ်တာ၊

၅) ကိုယ့်ပြည်သူရဲ့ အိုးအိမ် စားနပ်ရိက္ခာတွေကို မီးတိုက်ဖျက်ဆီးတာ၊

၆) ကိုယ့်ပြည်သူကို ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်အောင် ညှဥ်းဆဲနှိပ်စက်တာ၊

၇) စစ်ရာဇတ်မှုတွေ မရေတွက်နိုင်အောင် ကျူးလွန်စေတာ၊

၈) ပြည်သူ‌တွေရဲ့ လူဂုဏ်သိက္ခာကို စော်ကားတာ၊ 

၉) လူသားမျိုးနွယ်အပေါ် ကျူးလွန်တာ၊

၁၀) ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး အာဏာလုယူတာ၊

၁၁) ဘာသာရေးကို နိုင်ငံရေးမှာ ရောထွေးအသုံးချတာ၊

၁၂) သံဃာအသင်းကွဲ‌အောင်၊ ညီညွတ်မှုမရှိအောင် သွေးထိုးလှုံ့ဆော်တာ စတဲ့ မဟာအကုသိုလ်အပြစ်ကြီးတွေ ကျူးလွန်ခဲ့ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မင်းဖြစ်ထိုက်တဲ့ အရည်အချင်းမရှိတဲ့ ဘုရင်မိုက် မဟာဓမ္မရာဇာဓိရဲ့ အမြော်အမြင်နည်းပါးမှုနဲ့ တာဝန်မဲ့မှုကြောင့် အင်းဝနိုင်ငံတော် အလုံးစုံပျက်သုဥ်းခဲ့ရပြီး သူနဲ့ သူ့မင်းမိဖုရား သားသမီး ဆွေတော်မျိုးတော်တွေအားလုံး ရေချကွပ်မျက်ခံရပြီး မရှုမလှ ဇာတ်သိမ်းခဲ့ရသလို စိတ်ဓာတ်သိမ်ဖျင်း၊ ဉာဏ်ပညာချို့တဲ့ အတွေးအခေါ်မမှန်၊ အရည်အချင်းမဲ့ ညံ့ဖျင်းတဲ့‌ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ဆင်ခြင်တုံတရားမဲ့စွာ အာဏာလုရုံသာမက တိုင်းသူပြည်သားတွေကို ဘီလူးသဘက်များသဖွယ် တရားမဲ့ သတ်ဖြတ်နှိပ်စက်တဲ့ လုပ်ရပ်တွေကြောင့် သူနဲ့ သူ့အသိုင်းအဝိုင်းအားလုံးဟာ အင်းဝပျက်ကိန်းထက် ပိုဆိုးမယ့် အဖြစ်မျိုးတွေ မရှုမလှ ကြုံတွေ့ရပြီး စစ်အခွင့်ထူးခံစနစ်ဆိုးကြီး ပြိုကျဇာတ်သိမ်းရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024