စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်အချို့ကို ဇူလိုင် ၂ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီး ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေး မြေဖွေးတောင်အနီး ကွေ့ချောင်းကျေးရွာပြည်သူတွေနေထိုင်တဲ့ နေအိမ် ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီနေအိမ်တွေက ပစ္စည်းတွေကိုလည်း ထော်လာဂျီ ၁ စီးနဲ့ ယူဆောင်သွားကြတာကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၀၀ ဝန်းကျင် ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပြီး မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်း မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာ PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံပြည်သူတွေရဲ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်သွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးမှာ "ချိုမိုင်မိုင်" ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနဲ့ Yinmarbin Local PDF အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက်အတိကျကိုတော့ မသိရသေးဘူးလို့ ချိုမိုင်မိုင် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်လာတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်သလို နေထိုင်စဥ်ကာလအတွင်းမှာလည်း အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်အဆောက်အဦတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။