ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီက ဇူလိုင် ၂ ရက်မနက်ပိုင်းမှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
စွန်တောင်ရွာနဲ့ ချပ်ကျေးရွာကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက် လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မင်းတပ်မြို့နယ် ပ.အ.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ပြောပါတယ်။
“ချပ်ကျေးရွာ ဘုရားကျောင်း၊ စာသင်ကျောင်းတွေကို ဘာတိုက်ပွဲမှာမရှိဘဲ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ဗုံးသုံးလုံးကြဲပြီး ၁၁ နာရီ ၂၀ လောက်မှာ နောက် ဗုံး နှစ်ကြိမ်လာကြဲတယ်။ စွန်တောင်ရွာမှာလည်း ဗုံးကြဲတာ တောထဲ ကျသွားလို့ အထိခိုက် မရှိဘူး။ ချပ်ရွာမှာတော့ စာသင်ကျောင်းတို့ ဘုရားကျောင်းတို့မှာ ရှိနေတဲ့ သူတွေကို ထိခိုက်ပြီး နှစ်ဦးသေဆုံးကာ တဦးက တော့ ဒဏ်ရာပြင်းထန်ကာ ထိခိုက်ဒဏ်ရာရသူများပြားတယ်။”
မင်းတပ်မြို့နယ် မဒပ်ကျေးရွာမှာလည်း ဇွန် ၂၉ ရက်က ခလရ-၂၇၄ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ၁၄ နှစ်အရွယ် ကလေး တယောက် နှလုံးကို လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ကိုယောမာန်က ပြောပါတယ်။
မင်းတပ်မြို့နယ် ပလုံတွီကျေးရွာနားမှာ ဇွန် ၂၉ နဲ့ ၃၀ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CDF-မင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ CDF-မင်းတပ်က ရဲဘော် ၃ ယောက်ကျဆုံးပြီး ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီ က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။