Home
မြန်မာသတင်း
ပုလောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ၊ PDF ၁ ဦးကျဆုံး
DVB
·
July 2, 2022

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့တင် ၁၀ ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့ကာ ပြည့်သူ့ကာကွယ်ရေးအဖွဲ့ကလည်း  ၁ ဦးကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် PPDF က ထုတ်ပြန်ပါတယ်။

ပုလောအရှေ့ဖျားရှိ နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပုလောကုန်းနဲ့ မကျည်းကုန်း စတဲ့ကျေးရွာတွေမှာ ဇွန် ၂၇ ရက်မှ  ဇွန်၃၀ ရက်အထိ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတွေရဲ့ နေအိမ် ၃ အိမ်ထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်  ၁၃  အိမ်ကိုတော့ စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ PDF တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူတွေရဲ့နေအိမ် မီးရှို့တာကော၊  လက်နက်ကြီးနဲ့ ပစ်တာကော  အနည်းဆုံး ၁၆ လုံး ကျော်ရှိတယ်၊ မီးရှို့ခံရတာ  ၁၃ လုံး၊ ကျန်တာ လက်နက်ကြီးကျတာပေါ့” လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှာင်ပြည်သူလည်း ၁၀၀၀ ကျော်ရှိလောက်ထပ်တိုးလာပြီး အရင်ကရှိပြီးသား ၁၀၀၀ လောက်နဲ့ဆိုရင် ပုလောဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ လောက်ရှိလာပြီလို့လည်း  ပုလော PDF တာဝန်ရှိသူက ဆိုပါတယ်။

ဇူလိုင် ၁ ရက် မနက် ၇ နာရီ မိနစ် ၄၀ လောက်ကလည်း   ခလရ ၁၇ ဘက်ကနေ ခလရ ၂၈၅ ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးကို တပိုရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းနှစ်လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024