မက္ကဆီကိုတွင် စားနပ်ရိက္ခာပေါများစေရန် မြို့တော်ဝန်က မိကျောင်းနှင့်လက်ထပ်

မက္ကဆီကိုနိုင်ငံတောင်ပိုင်း၊ ဝါဟားကာပြည်နယ်၊ ဆန်ပေဒရိုဟွာမယ်လူလာမြို့လေးမှာ စားနပ်ရိက္ခာ ပေါများကြွယ်ဝစေဖို့အတွက် ဌာနေတိုင်းရင်းသားတွေရဲ့ အစဉ်အလာအရ မြို့တော်ဝန်ဟာ ဇွန် ၃၀ ရက်က မိကျောင်းသတို့သမီးကို ရောင်စုံအခမ်းအနားနဲ့ လက်ထပ် မင်္ဂလာဆောင်ခဲ့ပါတယ်။

မင်္ဂလာပွဲမှာ ရိုးရာဂီတတွေ တီးခတ်ခဲ့ပြီး ပွဲလာပရိသတ်တွေကလည်း ကခုန်နေကြရင်းနဲ့ သတို့သား မြို့တော်ဝန်ကိုလည်း သတို့သမီး မိကျောင်းမကို နမ်းဖို့ အော်ဟစ် တိုက်တွန်းနေကြတာပါ။

မင်္ဂလာပွဲအတွင်းမှာ ဆန်ပေဒရိုဟွာမယ်လူလာမြို့တော်ဝန် ဗစ်တာဟူးဂိုး ဆိုဆာဟာ သူ့နှုတ်ခမ်း မလိုလားအပ်ဘဲ အကိုက်မခံရစေဖို့ ချည်နှောင်ထားတဲ့ မိချောင်းရဲ့နှာခေါင်းကို တကြိမ်မက ထိခဲ့ရပါတယ်။

“ကျနော်တို့မှာ မိုးရေလုံလုံလောက်လောက်၊ အစာအလုံအလောက်နဲ့ မြစ်ထဲမှာ ငါးတွေရှိဖို့ သဘာဝကို တောင်းဆိုပါတယ်” လို့ မြို့တော်ဝန် ဆိုဆာက ပြောကြားခဲ့ပါတယ်။

ဝါဟားကာပြည်နယ်ဟာ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းတွေကို တစိုက်မတ်မတ် ထိန်းသိမ်းထားတဲ့ တိုင်းရင်းသား မျိုးနွယ်အုပ်စုပေါင်း များစွာရဲ့ မူလနေရင်းဒေသတခုဖြစ်ပြီး ဌာနေတိုင်းရင်းသားယဉ်ကျေးမှု အကြွယ်ဝဆုံး ဖြစ်ပါတယ်။

ထုံးတမ်းစဉ်လာ လက်ထပ်ခြင်းဟာ Chontal နဲ့ Huave ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေအကြားမှာ ဟစ်စပန်နစ်ခေတ်မတိုင်မီ ရာစုနှစ်များစွာကတည်းက ရှိနေတာပါ။

//
More News
Up