မဏိပူရ်ပြည်နယ်တွင် မြေပြိုပြီး အနည်းဆုံး လူ ၁၄ ဦးသေဆုံး

အိန္ဒိယအရှေ့မြောက်ပိုင်း၊ မဏိပူရ်ပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ဒေသမှာ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့တဲ့ မြေပြိုမှုကြီး ဇွန် ၃၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ယာယီတဲစခန်းမှာ ညလုံးပေါက်အိပ်နေကြတဲ့ အလုပ်သမားတွေရှိရာ မီးရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေပြိုမှုဖြစ်ပွားပြီး နာရီပိုင်းအကြာ မနေ့မနက်ပိုင်းက ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူ ၁၉ ယောက်ကို အပျက်အစီးတွေထဲကနေ ကယ်ထုတ်ခဲ့ကြပါတယ်။

ရွာသားတွေ၊ အလုပ်သမားတွေနဲ့ စစ်သားတွေ အပါအဝင် နောက်ထပ် လူ ၆၀ လောက်ဟာ အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေဆဲဖြစ်ကြောင်း မဏိပူရ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အပျက်အစီးတွေ အများအပြား စုပုံနေတာကြောင့် အီဂျေးမြစ်ကို ပိတ်ဆို့ခဲ့ပြီး မြေနိမ့်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးနိုင်တဲ့ ရေလှောင်ကန်တခု ဖန်တီးနေသလို ဖြစ်နေတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

အခုလအတွင်း မကြုံစဘူး မိုးရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ရေကြီးရေလျှံမှုတွေကြောင့် သန်းနဲ့ချီတဲ့လူတွေကို ရွှေ့ပြောင်းခဲ့ရပြီး တချို့ မြေနိမ့်ပိုင်းနေအိမ်တွေ ရေနစ်မြုပ်ကုန်ပါတယ်။

//
More News
Up