အပြင်မှာ ဈေးတက် ဝယ်ရခက်နေသည့် စက်သုံးဆီ ဗိုလ်ချုပ်ဇော်မင်းထွန်းထံတွင် လုံလောက် ပိုလျှံနေ

နိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းတွေ အရင်နှစ်တွေကထက် ပိုမြင့်တက်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြည်တွင်းသုံးစွဲဖို့ လုံလောက်တဲ့အပြင် အရန်စက်သုံးဆီတွေကိုပါ သိုလှောင်ထားနိုင်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး 92 တလီတာကို ၂,၃၀၀ ကျပ်ကျော်နဲ့ 95/ပရီမီယံဒီဇယ် စတာတွေက တလီတာကို ၂,၅၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စက်သုံးဆီ ပြည်တွင်းသုံးစွဲဖို့ ဖူလုံတဲ့အခြေအနေကို ရောက်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“ပြည်တွင်းကို စက်သုံးဆီတင်သွင်းမှုတွေ စနစ်တကျ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တခုလုံး ဟန်ချက်ညီ ထိန်းချုပ်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ယာယီအားဖြင့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတာ ဖြစ်နိုင်ပေမဲ့ ဒီလိုအခက်အခဲတွေ လျော့ပါးဖို့အတွက် ကုမ္ပဏီတွေနဲ့ လက်လီဆိုင်တွေကြားမှာ အခက်အခဲ‌‌တွေ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်နေတာဟာ အဓိကအားဖြင့် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေတာကြောင့်သာ ဖြစ်တယ်လို့ ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေမှာလည်း စက်သုံးဆီဈေးတွေ အလားတူ မြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးတွေကတော့ လတ်တလော အနည်းငယ်ပြန်ကျလာခဲ့ပြီး 92 တလီတာကို ၂,၂၀၀ ကျော်၊ 95 နဲ့ ပရီမီယံဒီဇယ် တလီတာ ၂,၅၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။

စက်သုံးဆီတွေလုံလောက်ပိုလျှံနေတယ်လို့ စစ်ကောင်စီကပြောနေပေမဲ့ မန္တလေးမှာတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေက လက်လီအရောင်းဆိုင်တွေကို အလျင်မှီအောင် ပြန်လည်ရောင်းချပေးနိုင်မှုမရှိလို့ ဆိုင်တွေ ပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့ မန္တလေးအခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီ ပန့်အရောင်းဆိုင်တွေက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မန္တလေး စက်သုံးဆီ ပန့်အရောင်းဆိုင်တွေမှာ ဓာတ်ဆီ ၉၅ အမျိုးအစားက ရောင်းစရာ မရှိတော့သလို ဓာတ်ဆီ ၉၂ နဲ့ ဒီဇယ်လည်း ပြတ်သလောက် ရှိနေပြီလို့ စက်သုံးဆီပန့် အရောင်းဆိုင် အရောင်းဆိုင်တွေထံက သိရပါတယ်။

//
More News
Up