ရုရှားအပေါ် ဒဏ်ခတ်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှု မထိခိုက်စေရန် အင်ဒိုသမ္မတ တိုက်တွန်း

ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ ထောက်ပံ့မှုကို လုံးဝမထိခိုက်စေဖို့ G7 ခေါင်းဆောင်တွေကို တိုက်တွန်းထားကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန် ၃၀ ရက်မှာ ပြောပါတယ်။

G20 လက်ရှိအလှည့်ကျဥက္ကဋ္ဌ သမ္မတ ဝီဒိုဒိုဟာ ဇွန် ၃၀ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မော်စကိုမှာ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ပင်လယ်ရေကြောင်းကနေ ယူကရိန်းက အစားအစာတွေ ဘေးကင်းကြောင်း အာမခံချက်ပေးဖို့ ရုရှားကို တောင်းဆိုထားကြောင်းနဲ့ အစားအသောက်နဲ့ ဓာတ်မြေသြဇာ တင်ပို့ရာမှာ အတားအဆီးမရှိကြောင်း အာမခံချက်ပေးဖို့ G7 ကိုလည်း တောင်းဆိုထားကြောင်း သူက ပြောပါတယ်။

ရုရှားနိုင်ငံဟာ ဂျုံအပါအဝင် ကောက်ပဲသီးနှံတွေ တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှုကို သက်တမ်းထပ်မတိုးဖို့နဲ့ ဓာတ်မြေသြဇာတွေအပေါ် ခွဲတမ်းကန့်သတ်ချက်တွေ မချမှတ်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးကတည်းက သူ့ရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းဆန်တင်ပို့မှု ရပ်တန့်သွားပြီး စပါးတန်ချိန် သန်းပေါင်းများစွာဟာ သိုလှောင်ရုံတွေထဲမှာ ပိတ်မိနေခဲ့တာပါ။

သင်္ဘောလမ်းကြောင်းတွေ ရှင်းလင်းရေးအတွက် ဆိပ်ကမ်းတွေရှိ မိုင်းတွေကို ဖယ်ရှားဖို့က ကိယက်ဗ်မှာ တာဝန်ရှိတယ်လို့ မော်စကိုက ပြောခဲ့ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေက အခြေအနေ ပိုဆိုးလာတယ်လို့ ရုရှားက ပြောပါတယ်။

ပိတ်ဆို့အရေးယူမှုတွေဟာ သူ့ရဲ့ စပါးနဲ့ မြေသြဇာတွေကို တိုက်ရိုက်ပစ်မှတ်ထားတာ မဟုတ်ဘဲ ပို့ဆောင်မှု၊ အာမခံနဲ့ ဘဏ္ဍာရေးတွေကို စီစဉ်ရခက်ခဲစေတာကြောင့် ပို့ကုန်တွေကို ထိခိုက်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ရန်လိုစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး ဆန်စပါး၊ ဟင်းချက်ဆီ၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်လာခဲ့ရပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီသီတင်းပတ်အစောပိုင်းက ဂျာမနီမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီးနောက် ဇွန် ၂၉ ရက်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့တာပါ။ ဇလန်းစကီးနဲ့ တွေ့ဆုံပြီးနောက် ဂျိုကိုဝီဒိုဒိုဟာ ပူတင်ဆီကို ကိယက်ဗ်က သတင်းစကားပါးပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

//
More News
Up