ရန်ကုန်တိုင်း မြောက်ဒဂုံ ဘေလီတံတားအနီးမှာ ဇွန် ၂၉ ရက် ညပိုင်းက တောင်ဒဂုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက လျှပ်စစ်မန်နေဂျာတဦး ကားမောင်းလာစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော်ဟာ ပင်လုံလမ်းဘက်ကနေ ဘေလီတံတားဘက်ကို ကားမောင်းနှင်လာစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ ဘေလီတံတားအနီး နေထိုင်သူ အမျိုးသားတဦးက ပြောပါတယ်။
“ည ၈ နာရီလောက် ဘေလီမီးပွိုင့်ဘက်ကနေ Car Showroom ဘက်ကို အကွေ့မှာ အပစ်ခံလိုက်ရတာ။ ကားက လမ်းဘေးထိုးကျသွားတယ်။ သေနတ်သမားက ၆ ချက်လောက်ပစ်သွားတာ ပွဲချင်းပြီးပဲ။ ပထမတုန်းက သေနတ်နဲ့အပစ်ခံရတာ ဘယ်သူမှန်းမသိဘူး။ တောင်ဒဂုံဘက်က ကားသမားတွေ လာကြည့်ပြီးတော့မှ လျှပ်စစ်မန်နေဂျာ (ယခင်) ဗိုလ်ကြီးဟောင်းတဦးဆိုတာ သိရတာ။”
အမည်မသိ သေနတ်သမား ပစ်ခတ်မှုကြောင့် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော်ဟာ နောက်ကျော၊ ပါး၊ မေးစေ့ စတဲ့နေရာတွေကို သေနတ်ထိမှန်ပြီး အခင်းဖြစ်ရာမှာပဲ သေဆုံးခဲ့တာပါ။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားအပြီး စစ်ကောင်စီတပ် အလုံးအရင်းနဲ့ ရောက်လာကာ အခင်းဖြစ်နေရာအနီးက ၄၆ လမ်းဆုံ၊ ဘေလီတံတား စတဲ့နေရာတွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။