ရခိုင်ပြည်နယ်၊ မောင်တောမှ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ယောက် လွတ်မြောက်ဖို့ ပေးလိုက်ရတဲ့ ငွေတွေအတွက် ပညာရေးဝန်ထမ်းတွေဆီက တဦးကို ငွေတသောင်းစီ ကောက်ခံခဲ့ကြောင်း မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဆရာတဦးက “ဒီနေ့ လကုန်ရက်မှာပြုလုပ်တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပညာရေးဝန်ထမ်းတဦးထံမှ ငွေတသောင်းစီ ကောက်ခံတာပါ။ အားလုံးသဘောတူညီမှုနဲ့ ကောက်တာပါ” လို့ အတည်ပြု ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပြန်ပေးသမားတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေ သိန်းတထောင်ကျော်) လွှဲပေးခဲ့ပြီးမှ လွတ်မြောက်လာခဲ့တာပါ။
လက်ရှိ ပြန်ပေးသမားတွေကို ပေးဆောင်လိုက်ရတဲ့ ငွေသိန်းတထောင်ကျော်ထဲက ၁၄၁ သိန်းကျော်အတွက် မောင်တောမြို့နယ်ရှိ ပညာရေးဝန်ထမ်းတွေဆီက တဦးကို ငွေတသောင်းကျပ်စီ ကောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကျန်ငွေ ကျပ်သိန်း ၉၀၀ ကို ပညာရေးဝန်ကြီးဌာနဆီ တင်ပြထားပြီး ဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ရခိုင်တပြည်နယ်လုံးရှိ ပညာရေးဝန်ထမ်းတွေထံက ကောက်ခံသွားမယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ဆရာမတဦးက “ကျမတို့က စစ်ဘေးရှောင်တွေအတွက်လည်း တလကို ငွေတသောင်းနှုန်း ထည့်လာတာ ၁ နှစ်ကျော်ပြီ။ အခု ပြန်ပေးဆွဲငွေအတွက်ပါ တသောင်းပေးရတယ်ဆိုတော့ ဘယ်လိုစားသောက်ကြမလဲ။ ကုန်စျေးနှန်းကလည်းတက်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
ပြန်ပေးဆွဲသမားတွေကို ငွေလွှဲပေးပြီးနောက် ဇွန် ၂၂ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်တနေရာဖြစ်တဲ့ ခြံချောင်း (ရခိုင်) မှာ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ယောက်ကို လွှဲပေးခဲ့ပြီး ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲလောက်က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး တံတားကတဆင့် လွှဲပြောင်းအပ်နှံခဲ့တာပါ။