စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာဘက်ကို ဇွန် ၂၉ ရက်က အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကြောင်းက ကျောင်းကုန်းရွာကိုရောက်တယ်။ သူတို့ စစ်ကြောင်းလာရာလမ်းမှာ မန်ကျည်းပင်ရွာနဲ့ သစ်ပုံလွင်ရွာက ပြည်သူ ၁၀ ယောက်လောက်ရှိမယ်၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတယ်။ အဲ့ဒီထဲမှာ ကလေးတွေလည်းပါတယ်။ အခုထိ ပြန်လွှတ်မပေးသေးဘူး” လို့ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးရာလမ်းတလျှောက် ကျေးရွာတွေအတွင်း ဝင်ရောက်ကာ အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး နေအိမ်တွေအတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေကာ ရွှေငွေနဲ့ တန်ဖိုးရှိပစ္စည်း ခိုးဝှက်ယူဆောင်သွားကြတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က အင်းတော်မြို့နယ် မော်တိတ်ဒေသ မင်းကုန်းရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ရွာခံတဦးက “ဘုန်းကြီးကျောင်းကိုလည်း ဖျက်ဆီးသွားတယ်။ တော်တော်လေး ပျက်စီးသွားတယ်။ အလှူခံပုံးတွေလည်း ရိုက်ခွဲပြီး ပိုက်ဆံတွေယူသွားတယ်။ ပစ္စည်းတွေလည်း အကုန်ရိုက်ခွဲသွားတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ဝန်းသို၊ ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်တွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။