စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်၊ နေကြာတိုက်လမ်းကြားအနီး ဆိုင်ကယ်ဆီဆိုင်မှာ ဆီဖြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦး ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီလောက်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခင်းဖြစ်ပွားရာအနီးနေ မြို့ခံတဦးက “ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းယာဘက်နောက်ဘက် ပွင့်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ အမည်မသိ လက်နက်ကိုင်လူ ၂ ဦးက ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ။ အချိန်အတော်ကြာတဲ့အထိ အလောင်းကို လာကောက်ယူတာမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူဟာ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ မူးယစ်ရဲစခန်းမှ ရဲအုပ် စန်းထွန်း (ခ) ဗေလုဝ ဆိုသူဖြစ်ပြီး အရပ်ဝတ်နဲ့ ဦးထုပ်ဆောင်းလျက် မျက်နှာဖုံး (Mask) တပ်ကာ စခန်းပြင်ပ ထွက်ခွာစဉ် အခုလို ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
အဆိုပါရဲအုပ် ပစ်ခတ်ခံရပြီးနောက် မြို့တွင်း တချို့ရပ်ကွက်တွေမှာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရဲအုပ်တဦး ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။