Home
မြန်မာသတင်း
စစ်ကောင်စီတပ် အကျအဆုံးများပြီး နယ်မြေစိုးမိုးရေး ရုန်းကန်နေရ၊ ပြည်သူများ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်း
DVB
·
June 30, 2022

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဟာ  တောင်ပေါ်နဲ့ မြေပြန့်ဒေသ မြန်မာနိုင်ငံတဝန်းမှာ တပ်တွေစေလွှတ်တိုက်ခိုက်ရတဲ့ စစ်မျက်နှာတွေ ပိုများလာတဲ့အတွက် နယ်မြေစိုးမိုးဖို့ အပြင်းအထန် ရုန်းကန်နေရပြီး စစ်အာဏာရှင်ပြုတ်ကျရေး တိုင်းရင်းသားအားလုံးနဲ့ ပြည်သူတွေ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးသမားတွေက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ စစ်မျက်နှာတွေ ဖွင့်ထားရသလို  အညာဒေသ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့မှာလည်း PDF တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေပြီး တိုက်ပွဲတိုင်းမှာလည်း စစ်ကောင်စီတပ်တွေ အကျအဆုံးများနေပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာတဲ့  အရာရှိ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း သောင်းချီရှိလာနေပြီဖြစ်ပါတယ်။ 

မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတို့မှာလည်း တိုက်ပွဲကြီးတွေ မဖြစ်ပွားသေးပေမဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မေလကုန်မှာ စစ်ကောင်စီတပ်တွေ အင်အားတိုးခဲ့လာမှုကြောင့် ရက္ခိုင့်တပ်တော်  (အေအေ) နဲ့ စစ်ရေးအကဲစမ်းမှုတချို့ ရှိခဲ့ပြီး ဇွန် ၂၆ ရက်ကနေ ၂၉ ရက် ညပိုင်းအထိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က စစ်ကောင်စီတပ်စခန်း ဥကရစ်ထကို ဒေသတွင်း ကရင်တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူဖို့ ကြိုးစားခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

လက်ရှိ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေဒေသမှာ ဖြစ်ပွားနေတဲ့ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကျော်သက်က “ရန်သူကတော့ အကျအဆုံးများတယ်။ ရန်သူက တအားလေယာဉ်သုံးနေတယ် အခု။ လေယာဉ်ပျံသုံးတယ်။ လက်နက်ကြီး သုံးတယ်။ ၁၂၀-မမ တားသုံးတယ်။ ဒါပေမဲ့ မပြီးသေးဘူးလေနော်။ အားလုံးပြောလို့မရသေးဘူး။ စစ်ကောင်စီ များများမကျန်တော့ပါဘူး။ အများဆုံး ၃၀ အဲလောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ကျနော်တို့ အပြုတ်တိုက်မယ်။ အဲဒီနေရာကနေ မောင်းထုတ်ရမယ်။ တကယ်လို့ မရရင် ကျနော်ကိုယ်တိုင် အဲဒီနေရာသွားပြီးတော့ ဝင်တိုက်မယ်”လို့ ပြောပါတယ်။

ပြည်သူလူထုအားလုံး တိုင်းရင်းသားပေါင်းစုံ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြမယ်ဆိုရင် စစ်ကောင်စီပြုတ်ကျဖို့ရက် မဝေးတော့ဘူးလို့လည်း ဗိုလ်ကျော်သက်က ပြောပါတယ်။ 

“ပြည်သူလူထုကို ကျနော်ပြောချင်တာ ကျနော်တို့တိုင်းရင်းသားပေါင်းစုံပေါ့ ကျနော်တို့ ကရင်တင်မဟုတ်ပါဘူး အားလုံးပဲ အခုလက်ရှိစစ်ကောင်စီကို ဝင်ပြီး တိုက်ကြမယ်ဆိုရင် မကြာခင်မှာ စစ်ကောင်စီက ပြုတ်ထွက်သွားမှာပဲ အခုကျနော်တို့တိုင်းရင်းသားတွေလည်း နည်းနည်း ညီညွတ်သွားပြီ ကျနော်ထင်တာ ကျနော်တို့ ပြည်နယ်မှာဖြစ်ဖြစ် နိုင်ငံမှာဖြစ်ဖြစ် လွတ်လပ်ရေးတော့ရတော့မယ်ထင်တယ်။ ကျနော်တို့ ညီညီညွတ်ညွတ် လုပ်မယ်ဆိုရင်လေ။ အခုက ရှင်းရှင်းပြောရရင် ကျနော်တို့ ပြည်သူလူထုက အဲဒီလောက်အထိ ပြောဖို့မလိုတော့ဘူး။ သူတို့လည်း သဘောပေါက် နားလည်လာပြီပေါ့နော်။ စစ်ကောင်စီကတော့ ဒီလာမယ့်နွေတော့ ပြုတ်ဖို့ အလားအလာများတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုတရပ်လုံး သူ့ကို မထောက်ခံဘူး။ တခြားနိုင်ငံက ပြည်ပကလူတွေလည်း မထောက်ခံဘူး။ မထောက်ခံတဲ့အတွက်ကြောင့် ဒီအဖွဲ့အစည်းတခုက ပြည်သူလူထု မထောက်ခံတဲ့ အဖွဲ့အစည်းတခုကတော့ ကျနော်ထင်တာ ရေရှည်မရနိုင်ဘူး။ အခု စစ်ကောင်စီဆိုတာ အကြမ်းဖက်ဖြစ်သွားပြီး တရားမဝင်တာတော့ ပြောမနေနဲ့တော့ ”လို့ ဗိုလ်ကျော်သက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်မျက်နှာဖွင့်လာရသလို အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း တိုက်ပွဲတွေ နေ့တိုင်း ဆင်နွှဲနေရတာ ဖြစ်ပါတယ်။

လက်ရှိမြန်မာပြည်အလယ်ပိုင်း လက်ရှိစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး မကွေးဒေသခံ PDF ခေါင်းဆောင်တဦးက “မြိုင်၊ ပေါက်၊ ရေစကြို၊ ပခုက္ကူ၊ ဆိပ်ဖြူမှာတော့ ပုံမှန်စစ်ကြောင်းထိုးနေတယ်။ အရင်လိုတော့ သူတို့ အင်အားမများတော့ဘူး။ အဓိကကတော့ ပျူစောထီးကို လက်နက်တပ်ဆင်ပေးပြီးတော့မှ သူတို့စစ်ကြောင်းတွေမှာ ပျူစောထီးက အင်အားအများဆုံး ဖြစ်လာတယ်။ အစကဆိုရင် သူတို့စစ်တပ်မိသားစုဝင်တွေ လူငယ်တွေကို သင်တန်းတိုပေးပြီးတော့ စည်းရုံးပြီးခေါ်တယ်။ နောက် အရပ်တွေထဲမှာလည်း လူငယ်တွေခေါ်တယ်။ ဒါပေမဲ့ သူတို့အင်အားက လိုသလောက်မရတဲ့အခါကြတော့ စစ်မျက်နှာများများဖွင့်လေ သူတို့အတွက် မြန်မြန်ကျဆုံးလေလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အများစုက ပြည်သူ့ဘက်က ပေါ်ပေါ်ထင်ထင် ရပ်တည်လာပြီး PDF တွေကို အားဖြည့်ပေးတဲ့အတွက် အားရကျေနပ်တယ်လို့ ယင်းမာပင် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုခန့်က ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ လူအင်အားအရ စစ်ကူလိုအပ်တယ်ဆိုရင် အားဖြည့်ပေးဖို့ အရန်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

“စစ်ကိုင်းတိုင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သူတို့ကို ကျနော်တို့က အလစ်အငိုက် ချောင်းနေတာလည်း ရှိပါတယ်။ ဒါကို ကျနော်တို့ကလည်း နားလည်တဲ့အတွက် ကျနော်တို့ဘက်က ပြင်ဆင်ရတဲ့အပိုင်းတွေတော့ များစွာရှိတာပေါ့။ အဓိကကတော့ တခြားပြည်နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာပြီ၊ ဒီအပေါ်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ အားရကျေနပ်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီကို မြန်မြန်တိုက်ထုတ်ပေးကြဖို့ ကျနော်တို့က တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကျေးဇူးလည်းတင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက စစ်အာဏာရှင်ကို မြန်မြန်မောင်းထုတ်ကြဖို့ ပြောချင်ပါတယ်။”

လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေစိုးမိုးမှု ခန့်မှန်းတွက်ဆချက်အရ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ NUG၊ PDF တွေက ၄၈ ရာခိုင်နှုန်းဝန်းကျင်အထိ စိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ၅၂ ရာခိုင်နှုန်းဝန်းကျင် စိုးမိုးထားဆဲ ဖြစ်ပါတယ်။

ကရင်နီဒေသမှာတော့ PDF တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ၇၀ ရာခိုင်နှုန်းအထိ နယ်မြေစိုးမိုးထားနိုင်ပြီလို့ ဇွန် ၂၉ ရက်မှာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အပြန်အလှန် နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တဲ့အတွက် အခုလပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေဦးမယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က ခန့်မှန်းပါတယ်။

“NUG က ဒေသစိုးမိုးမှု ၄၈ ရာခိုင်နှုန်းရှိတယ်။ စစ်ကောင်စီက ၅၂ ရာခိုင်နှုန်းရှိတယ်။ အတော်လေး ရုန်းကန်တိုက်ပွဲဆင်နေရတဲ့ အနေအထား ဖြစ်တာပေါ့။ မနေ့က ကရင်နီဒေသကလည်း သူတို့ဒေသစိုးမိုးမှု ၇၀ ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားနိုင်ပြီလို့ ပြောတယ်။ စစ်ရေးက အဆုံးအဖြတ်ပေးမယ့် အခြေအနေတရပ်ကို ရွေ့နေတယ်လို့ မြင်ပါတယ်။ PDF တွေ၊ EAO တွေရဲ့ တိုက်ခိုက်မှုတွေက ပိုကျယ်ပြန့်များလာတဲ့အခါမှာ အဲ့ဒါကို တွန်းလှန်ဖို့ စစ်ကောင်စီအနေနဲ့ အပြင်းအထန် ရုန်းကန်ကြိုးပမ်းနေရတဲ့ အခြေအနေလို့ မြင်ပါတယ်။ ဒါကြောင့် ဒီလပိုင်းတွေအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ တိုးလာလိမ့်မယ်။ PDF တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကလည်း နယ်ပယ်အသီးသီးမှာ ပိုပြီးတိုးပွားလာလိမ့်မယ်။ EAO တွေ ကိုယ်တိုင်ကလည်း စခန်းသိမ်းတိုက်ပွဲတွေ လုပ်နေကြတယ်။ KIA က စခန်း ၃ ခုသိမ်းတယ်။ KNU က စခန်း ၆ ခုသိမ်းနေတယ်။ ကရင်မှာ စခန်းသိမ်းတိုက်ပွဲ ၄ ရက်ရှိပြီလေ။ KNU က မဖြစ်မနေ သိမ်းမယ့်သဘော။ အဲ့လိုသိမ်းရင် မဟာဗျူဟာအရ စစ်တပ်ကလည်း မရ ရတဲ့နည်းနဲ့ တုံ့ပြန်တိုက်ခိုက်မှာပဲ။ နယ်မြေစိုးမိုးမှု အပြန်အလှန် တိုးချဲ့နေကြတဲ့ အခြေအနေမှာ လာမယ့် ၂ လ ၃ လအတွင်းမှာ စစ်ကောင်စီနဲ့ PDF တွေ၊ EAO တွေရဲ့ စစ်ရေးအရှိန်ကတော့ မြင့်တက်လာလိမ့်မယ်လို့ မျှော်မှန်းပါတယ်။”

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ ဒီနှစ် မေ ၁၅ ရက်အတွင်း နိုင်ငံတဝန်းလုံးမှာ တိုက်ပွဲပေါင်း ၄,၆၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သုတေသနလုပ်နေတဲ့ ISP မြန်မာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှု ၃,၁၀၇ ကြိမ်၊ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲက ၁,၃၈၀ ကြိမ်၊ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲက ၁၀၆ ကြိမ်ရှိတယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024