မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းက ဒေသခံပြည်သူတယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့တယ်စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့ အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ ဦးတင်လှကို မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အပေါင်းပါတွေက PDF ကို ငွေကြေးထောက်ပံ့နေတယ်စွပ်စွဲပြီး နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတယ်လို့ ဂန့်ဂေါမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီ ဦးတင်လှဟာ ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာကနေ ဂန့်ဂေါမြို့မှာ အိမ်ငှားနဲ့ နေနေရတာပါ။ PDF ကို ထောက်ပံ့ဖို့ နေနေသာသာဗျာ၊ သူ့ဟာသူတောင် စားဝတ်နေရေးကို မနည်းရုန်းကန်နေရပြီး အိုးပိုင်အိမ်ပိုင်မရှိလို့ သူများအိမ်ကို ငှားနေရတာ။ PDF ကို ထောက်ပံ့သူလို့ စွပ်စွဲပြီး အကုန်လိုက်ဖမ်းနေရင်တော့ ကျနော်တို့လည်း မလွတ်ဘူး။ သူတို့တပ်တွင်းထဲမှာလည်း ရှိမှာပဲ။ အများစုကတော့ စစ်အာဏာရူးတွေ ပြုတ်ကျဖို့အတွက် မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီနေကြတာပဲ။”
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန် ၂၉ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၁၁,၃၁၀ ယောက်ရှိပြီး အဲဒီထဲက ၁,၂၀၅ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။