တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် နန်းတောင်၊ မကျည်းကုန်း၊ ပုလောကုန်းကျေးရွာများမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန် ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“နန်းတောင်၊ မကျည်းကုန်း၊ ပုလောကုန်းရွာ အဲသုံးရွာမှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ သုံးနေရာလုံးက ဒီနေ့ နေ့လယ် ၁နာရီလောက်မှာ ဖြစ်ကြတယ်၊ နန်းတောင်မှာ ဖြစ်နေတာကတော့ ဒီနေ့ပါဆိုရင် သုံးရက် ရှိပါပြီ။”
ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့က တဦး လက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
“ထိခိုက်မှုကတော့ အသေးစိတ်မသိရသေးပါဘူး။ မကျည်းကုန်းရွာမှာ ဖြစ်တာတော့ မျက်မြင်မို့ တယောက်အတည်ပြုလို့ရပါတယ်။ ဒီထက်ပိုပါတယ်။”
ဒေသခံတစ်ဦးက “၂၇ ရက်နေ့က နန်းတောင်စစ်တပ်ဂိတ် အပစ်ခံရတော့ ဒီနေ့ မကျည်းကုန်းဘက်လမ်းနဲ့ နန်းတောင်ဘက်လမ်းကနေ စစ်ကြောင်း ၂ ကြောင်းတက်လာတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ မြိတ်ကနေလာရင် ပုလောမြို့အဝင် ဆိုင်းဘုတ်ရှိတဲ့နေရာဖြစ်ပြီး ခလရ (၂၈၅) တပ်ရင်း အခြေစိုက်စခန်း တည်ရှိရာ မကျည်းကုန်းရွာအနီးမှာ ရှိတဲ့ စစ်တပ်ရဲ့ ဂိတ်စခန်းဖြစ်တယ်လို့ ဒေသခံတဦးက ရှင်းပြပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေမှုကြောင့် နန်းတောင်ရွာ၊ မော်မိရွာ၊ ဂျင့်ဂါရွာ၊ ဒူးရင်းပင်ရှောင်ရွာ၊ ဝက်တိုးရွာနဲ့ ပုလောကုန်းရွာရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“အဆိုးဆုံးက ၂၈၅ တပ်ရဲ့တောင်ပေါ်ကနေ ရွာတွေဆီ လက်နက်ကြီး လှမ်းထုနေတာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် မွန်းလွဲ ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က လေယာဥ်တစီး ကင်းထောက်ပျံဝဲနေတာကို တွေ့ရပြီး ပုလောကုန်း၊ နတ်အိမ်တောင်ဘက်မှာ လေယာဉ်ပေါ်ကနေ ဗုံးနှစ်လုံးချခဲ့တယ်လို့ ကြားသိရကြောင်း ဒေသခံတဦးက ပြောပါတယ်။
ဇွန် ၂၇ ရက်နေ့က နန်းတောင်ရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။