ရွှေတင်သွင်းမှု တားမြစ်ခြင်း အပါအဝင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ် အမေရိကန် ချမှတ်

ဂျာမနီနိုင်ငံမှာ လတ်တလော ကျင်းပပြီးစီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ရုရှားရဲ့ဝင်ငွေကို လျှော့ချဖို့ G7 ခေါင်းဆောင်တွေ သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ ရွှေတင်သွင်းမှု တားမြစ်တာ အပါအဝင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တရပ်ကို အမေရိကန်က  ဇွန် ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ပိတ်ဆို့အရေးယူမှုအသစ်ဟာ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေး၊ အာကာသယာဉ်၊ စက်မှု၊ နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေရဲ့ အုတ်မြစ်ဖြစ်တဲ့ နိုင်ငံတော်ကော်ပိုရေးရှင်း Rostec နဲ့ လူပုဂ္ဂိုလ် ၂၉ ယောက်တို့ အပါအဝင် ရုရှားရဲ့ ကာကွယ်ရေး အခြေစိုက်စခန်းအတွက် အရေးပါတဲ့ အဖွဲ့အစည်းပေါင်း ၇၀ ကို ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံက ထွက်ရှိတဲ့ ရွှေတွေကို အမေရိကန်ဆီ တင်သွင်းတာကို တားမြစ်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး G7 အဖွဲ့ဝင် သုံးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ကနေဒါနဲ့ ဂျပန်တို့ကလည်း ပိတ်ဆို့အရေးယူမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ဇွန် ၂၈ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ထပ် ရုရှားအဖွဲ့အစည်း ၄၅ ခုနဲ့ လူ ၂၉ ဦးကို ဒဏ်ခတ်ပိတ်ဆို့ပြီး ရုရှား စစ်ဘက်အရာရှိ ၅၀၀ ကို ဗီဇာကန့်သတ်ချက် ချမှတ်မယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ရုရှားထုတ်ကုန်အုပ်စု ၅၇၀ ကျော်အပေါ် အမေရိကန်က အခွန်တိုးမြှင့် ကောက်ခံနေပါတယ်။

ယူကေအစိုးရမှ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သွင်းကုန်တားမြစ်ချက်ဟာ အသစ်တူးဖော်တဲ့ သို့မဟုတ် သန့်စင်ထားတဲ့ ရွှေတွေအတွက် သက်ရောက်မှုရှိမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ရုရှားနိုင်ငံကနေ အရင်တင်ပို့ထားတဲ့ ရွှေတွေတော့ မပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီတို့ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်တွေကတော့ ဆုံးဖြတ်ချက် မချရသေးဘဲ ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်ကတော့ ဒီကိစ္စကို အီးယူအဖွဲ့အတွင်း ထပ်ဆွေးနွေးဦးရမယ်လို့ ပြောဆိုခဲ့ပါတယ်။

G7 ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်မိုက်ကယ်ကတော့ ကတော့ အီးယူဟာ ရုရှားရွှေတင်သွင်းမှု တားမြစ်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

//
More News
Up