ရုရှားကို ကုလသမဂ္ဂမှ ထုတ်ပစ်ရန် ယူကရိန်းသမ္မတ တောင်းဆို

ရုရှားနိုင်ငံကို ကုလသမဂ္ဂကနေ ထုတ်ပစ်ဖို့နဲ့ ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံထဲမှာကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ရုရှားကို အကြမ်းဖက်နိုင်ငံလို့လည်း ဇွန် ၂၈ ရက်မှာ  စွပ်စွဲ ပြောလိုက်ပါတယ်။ ရုရှားကတော့ ဇလန်းစကီးဟာ အနောက်နိုင်ငံတွေဆီက လက်နက်တွေပိုရဖို့ အဝေးကနေ ပြည်သူ့ဆက်ဆံရေးလှုပ်ရှားမှုအနေနဲ့ သူ့မိန့်ခွန်းကို အသုံးချနေတာလို့ ပြန်လှန်စွပ်စွဲခဲ့ပါတယ်။

ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရထားတဲ့နိုင်ငံဖြစ်လို့ အဲဒီလို အရေးယူတာတွေကနေ သူ့ကိုယ်သူ ကာကွယ်နိုင်နေပါတယ်။

ဇလန်းစကီးက “ရုရှားဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ပါဝင်ခွင့်မရှိဘူး။ အကြမ်းဖက်အဖွဲ့ကို အာဏာလွှဲထားတာ ရုပ်သိမ်းဖို့ ခင်ဗျားတို့ကို ကျနော် တိုက်တွန်းတယ်” လို့ လုံခြုံရေးကောင်စီကို ပြောပါတယ်။

စစ်ပွဲမှာ အသတ်ခံရတဲ့ ယူကရိန်းနိုင်ငံသား အားလုံးကို သတိရစေဖို့ အထိမ်းအမှတ်အနေနဲ့ ခဏငြိမ်သက် အလေးပြုဖို့ ဇလန်းစကီးက ပြောတဲ့အခါ ရုရှားအပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက မတ်တပ်ရပ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုသံအမတ်ကြီး ဒမစ်ထရီပိုယန်စကီကတော့ ဇလန်းစကီးရဲ့ ရုပ်သံမိန့်ခွန်းဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရာမှာ တာဝန်ခံနေတဲ့ လုံခြုံရေးကောင်စီရဲ့ အခွင့်အာဏာကို လှိုက်စားနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီဟာ နေတိုးထိပ်သီးညီလာခံမှာ ပါဝင်တက်ရောက်သူတွေဆီက လက်နက်တွေပိုရဖို့ ဇလန်းစကီးရဲ့ ပြည်သူ့ဆက်ဆံရေး မဲဆွယ်ပွဲအတွက် အခင်းအကျင်း မဖြစ်သင့်ဘူးလို့လည်း ပိုယန်စကီက ပြောပါတယ်။

ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ အကြီးအကဲ ရို့စ်မေရီ ဒီကာလိုကတော့ ဒီစစ်ရဲ့ ရက်စက်မှု၊ အဓိပ္ပာယ်မဲ့မှုနဲ့ အချည်းနှီးဖြစ်မှုကို ဖော်ပြစရာ စကားလုံးတောင် မရှိဘူးလို့ လုံခြုံရေးကောင်စီကို ပြောရင်း ပတ်သက်သူအားလုံးက အရပ်သားတွေနဲ့ အရပ်သားဆိုင်ရာ အခြေခံအဆောက်အဦတွေကို ကာကွယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

//
More News
Up