မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီ တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဇွန် ၂၉ ရက်ကစပြီး မိမိအသိစိတ်နဲ့ နုတ်ထွက်ကြဖို့ ရေးဘီလူးအဖွဲ့သားတွေက လူမှုကွန်ရက် စာမျက်နှာကတဆင့် သတိပေးလိုက်ပါတယ်။
ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူတဦးက “စစ်ကောင်စီက တိုက်ရိုက်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီရဲ့ အလိုတော်ကျ လက်ပါးစေတွေ ဖြစ်ကြတယ်။ CDM သမားတွေရဲ့ မိသားစုဝင်တွေ၊ PDF တွေရဲ့ မိသားစု ဆွေမျိုးတွေနဲ့ နယ်မြေတွေရဲ့ သတင်းအချက်လက်တွေကို အမြဲစောင့်ကြည့်ပြီး သတင်းအချက်အလက်တွေ ရရှိအောင် သွယ်ဝိုက်သောနည်းလမ်းနဲ့ ကူညီပေးနေတဲ့အတွက် အန္တရာယ်ရှိလာလို့ အခုလို သတိပေးပြီး နုတ်ထွက်ခိုင်းရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
ရေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စုရှိပြီး အုပ်ချုပ်ရေးမှူးအများစုဟာ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းကနေ ဒီနေ့အထိ ပါဝင်နေကြပြီး တချို့တွေလည်း အလုပ်တာဝန်ကနေ ရပ်နားထားကြပါတယ်။
နုတ်မထွက်တဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် ရေးဘီလူးအဖွဲ့အနေနဲ့ နောင်ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို တာဝန်ယူသွားမှာ မဟုတ်သလို အရပ်သားအုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားပြီး ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ရေးဘီလူးအဖွဲ့သားတွေဟာ ဇွန် ၂၇ ရက်က အစင်ကျေးရွာအဝင် တံတားလုံခြုံရေးယူနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဒီနေ့အထိ စစ်တပ်၊ ရဲ၊ သတင်းပေးတွေ တဒါဇင်ကျော်လောက်ကို ရှင်းလင်းထားခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရေးဘီလူးအဖွဲ့သားတွေဟာ အကြမ်းဖက်လုပ်ရပ် လုပ်ကိုင်သူတွေဖြစ်တယ်လို့ စွပ်စွဲထားပြီး ရေးဘီလူးအဖွဲ့ရဲ့ လှုပ်ရှားနေတာနဲ့ ပတ်သက်လို့ သတင်းပေးနိုင်တဲ့သူတွေကို ဆုကြေးပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။