ပင်းတယမြို့ဝင်ရဲကင်း ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် မြေက်ဘက်အထွက်ရှိ မြောက်ကျောင်းကြီးရဲကင်း ဇွန် ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်က ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်းတယမြို့ခံတဦးက “ဘယ်အဖွဲ့ကဝင်ပစ်လဲ ဆိုတာတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေတယ်။ ဒဏ်ရာရသွားတဲ့ ၁ ဦးကို ကားနဲ့တင်သွားတယ်။ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ကလည်း လမ်းသွားလမ်းလာပြည်သူ ၁ ဦးကို အဲဒီရဲကင်းက သေနတ်နဲ့ပစ်လို့ ဒဏ်ရာရသွားသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါရဲကင်းမှာ စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ရှိပြီး ဂိတ်မှာထိုင်တဲ့လူ ၃ ဦးနဲ့ ၅ ဦးကြားမှာ ရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အနည်းဆုံး ၃ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြို့အဝင်အထွက် ဂိတ်အားလုံးကို ပိတ်ဆို့စစ်ဆေးနေတာကြောင့် ဒေသခံ လမ်းသွားလမ်းလာတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

//
More News
Up