ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီက သဘောတူ

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ရေး လျှောက်ထားချက်ကို တူရကီက ထောက်ခံ သဘောတူညီလိုက်ပြီလို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ဇွန် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

တူရကီ၊ ဖင်လန်နဲ့ ဆွီဒင် သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ စပိန်မြို့တော် မက်ဒရစ်က လေးနာရီကြာ အစည်းအဝေးအပြီးမှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။

နေတိုးထိပ်သီးညီလာခံကတော့ ဇွန် ၂၉ ရက် ဒီနေ့ တရားဝင်စတင်မှာ ဖြစ်ပါတယ်။ တူရကီရဲ့ စိုးရိမ်ချက်တွေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေထဲမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ လက်နက်ပြည်ပတင်ပို့မှုတွေ ပါတယ်လို့ စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။

သုံးနိုင်ငံဟာ တနိုင်ငံရဲ့ လုံခြုံရေးကို တနိုင်ငံက ကာကွယ်ဖို့ သဘောတူခဲ့အပြီး နေတိုးအဖွဲ့ထဲဝင်မယ့် ဆွီဒင်နဲ့ ဖင်လန်တို့ကို ဗီတိုနဲ့ တားထားတာကို နေတိုးမဟာမိတ် တူရကီက ပြန်ရုပ်သိမ်းခဲ့တာပါ။

ဒါကြောင့် ယူကရိန်းကို ရုရှားက ကျူးကျော်မှုနဲ့ပတ်သက်ပြီး နေတိုးရဲ့ စည်းလုံးမှုကို စမ်းသပ်တဲ့ သီတင်းတပတ်ကြာ ဇာတ်လမ်းလည်း အဆုံးသတ်သွားခဲ့ပါတယ်။

ရုရှားနိုင်ငံနဲ့ ကီလိုမီတာ ၁,၃၀၀ (၈၁၀ မိုင်) ရှည်တဲ့ နယ်စပ်မျဉ်းကို မျှဝေထားတဲ့ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်တို့ကို နေတိုးအဖွဲ့ဝင်အဖြစ် နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၀ က ဖိတ်ကြားမယ်၊ သူတို့ဟာ တရားဝင် ဖိတ်ကြားသူတွေ ဖြစ်လာမယ်လို့ စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။

//
More News
Up