စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဇွန် ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်ကတကြိမ်နဲ့ ဒီနေ့မနက် ၆ နာရီလောက် တကြိမ် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦ ၂၄ လုံး မီးလောင်ကျွမ်းသွားခဲ့သလို ရိုက်ထုဖျက်ဆီးထားခဲ့တဲ့ နေအိမ်တွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ယင်းမာပင်မြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အရင်နေ့တွေကလည်း အခြားကျေးရွာတွေမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို ရှာဖွေယူဆောင်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို ရွာစဥ်ထိုး သွားလာပြီး နေအိမ်တွေမီးရှို့တာ၊ ပစ္ဏည်းတွေယူတာအပြင် ဇီးဖြူပင်ကျေးရွာက ပြည်သူ ၂ ဦးနဲ့ လည်ငေါက်ကျေးရွာက ပြည်သူ ၁ ဦးတို့ ဓားစာခံပုံစံမျိုး ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လည်ငေါက်ကျေးရွာဟာ ယင်းမာပင်မြို့ရဲ့ တောင်ဘက် မုံရွာ-ယင်းမာပင်-ပုလဲ လမ်းမကြီးဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ခံရတာ ၃ ကြိမ်ထက်မနည်း ရှိပြီလို့ ဆိုပါတယ်။
ပုံစာ- ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် လည်ငေါက်ကျေးရွာနေအိမ်များ မီးလောင်မြင်ကွင်း