Home
မြန်မာသတင်း
ကာကွယ်ဆေး ၆ ကြိမ်ထိုးနှံထားသည့် ထိုင်းကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
June 28, 2022

ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ၆ ကြိမ်တိုင်ထိုးနှံထားတဲ့ ထိုင်းကျန်းမာရေးဝန်ကြီး လည်းဖြစ် ထိုင်းဝန်ကြီးချုပ် လက်ထောက်လည်းဖြစ်တဲ့ နိုင်းအနုထင်း ချန်းဝီရကွန်းဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကျန်းမာရေးဝန်ကြီးအပါအဝင် ထိုင်းအစိုးရအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အပတ်က ပြင်သစ်နဲ့ ဆွီဇာလန်နိုင်ငံတွေမှာ နိုင်ငံတကာအဆင့်အစည်းအဝေးတွေ သွားရောက်ခဲ့ကြပြီး ဇွန် ၂၆ ရက်နေ့က ထိုင်းကိုပြန်ရောက်ကြောင်း၊ ပြန်ရောက်လာသူတွေထဲက ကျန်းမာရေးဝန်ကြီး နိုင်းအနုထင်းမှာ တကိုယ်လုံးကိုက်ခဲပြီး လည်ချောင်းယားသလို ဖြစ်နေတာကြောင့် ATK စစ်ဆေးရာမှာ ပေါ့စတစ်ပ် ဖြစ်နေပြီး ပိုသေချာအောင် RT-PCR နဲ့ ထပ်စစ်တော့ ကိုဗစ်-၁၉  ရောဂါပိုးကူး စက်ခံထားရတာ တွေ့တယ်လို့ ကျန်းမာရေးဒုဝန်ကြီး ကစ်သီဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါပေမဲ့ ဝေဒနာပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရသည်အထိမဖြစ်ဘဲ နေအိမ်မှာပဲ သီးသန့် Isolation နေထိုင်ကာ တပတ် ကွာရန်တင်းဝင်မယ်လို့ ဆိုပါတယ်။ 

ကျန်းမာရေးဝန်ကြီးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၆ ကြိမ်တိုင် ထိုးနှံထားကြောင်း၊ စီနိုဗက်အမျိုးအစား ၂ ကြိမ်၊ အက်စတာစီနီကာ ၂ ကြိမ် နဲ့ ဖိုက်ဇာအမျိုးအစားကို ၂ ကြိမ် ထိုးနှံခဲ့ပြီး ဆဌမအကြိမ်မြောက် ကာကွယ်ဆေးကို နိုင်ငံခြားမထွက်ခင် ဇွန် ၁၃ ရက်က ထိုးနှံခဲ့တာလို့ ဆိုပါတယ်။

အဆိုပါနှစ်နိုင်ငံခရီးစဉ်မှာ လူပေါင်းများစွာနဲ့ တွေ့ဆုံနှုတ်ဆက် ပြောကြားခဲ့ရတာကြောင့် နိုင်ငံခြားကနေ ကူးစက်ခဲ့တာလို့ ယူဆရပြီး ကိုဗစ်-၁၉ အမျိုးအစားကိုတော့ အဖြေမသိရသေးကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းမှာ ကူးစက်မှုမခံရဘူးလို့ ယတိပြတ် ဆုံးဖြတ်လို့မရဘဲ ရောဂါဝေဒနာမပြင်းထန်အောင်တော့ ဟန့်တားပေးနိုင်တယ်လို့  ဒုဝန်ကြီး ကစ် သီဖုန်းက ပြောသွားပါတယ်။ 

အဆိုပါခရီးစဉ်မှာ သူ့အပြင် အခြားအဖွဲ့ဝင်တွေ ကူးစက်မှုခံရခြင်းရှိ၊ မရှိကိုတော့ ကာယကံရှင်တွေက ထုတ်ဖော်ပြောကြားတာ မရှိတဲ့အတွက် ဘယ်နှဦးကူးစက်ခဲ့လဲဆိုတာတော့ မသိရဘူးလို့  Briight TV သတင်းမှာ ဖော်ပြပါတယ်။ 

ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရပေမယ့် ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး ဖြေလျော့မှု လုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ကြေညာချက်တွေအပေါ်မှာတော့ သက်ရောက်မှုမရှိကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကုသရေးအတွက် လိုအပ်တဲ့ ကျန်းမာ ရေးဝန်ထမ်းနဲ့ ဆေးဝါးကိရိယာတွေ အလုံအလောက်ရှိတယ်လို့ ထိုင်းကျန်းမာရေး ဒုဝန်ကြီးက ပြောသွားပါတယ်။ 

ကိုးကား - matichon.co.th

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024