အသက် ၂၅ နှစ်အရွယ် အောင်အောင်သည် မိသားစုအတွက် အဓိကဝင်ငွေရှာဖွေပေးနေသော လူငယ်တစ်ဦး ဖြစ်သည်။ ကျောက်ကပ်ရောဂါသည် အမေနှင့် ပိုလီယိုဖြစ်နေသူ အဒေါ်အပြင် တစ်ဦးတည်းသော ညီမဖြစ်သူကလည်း မွေးစကတည်းက နာတာရှည်ရောဂါဖြင့် အိပ်ရာထဲ လဲနေခဲ့ပြီး ဆေးခန်းပေါင်းစုံပြခဲ့သော်လည်း မသက်သာသဖြင့် ငွေကုန်ကြေးကျမခံနိုင်တော့သည့် အဆုံး လက်လျှော့ထားလိုက်ရသောကလေး ဖြစ်သည်။
ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီးနောက်တွင် ထိုတာဝန်များအားလုံးက အောင်အောင့်ဆီအလိုအလျောက် ရောက်လာခဲ့သည်။ အောင်အောင်မှ မကြည့်လျှင် ထိုသုံးယောက်ကို မည်သူကြည့်မည်နည်း။
ထိုအမျိုးသမီး သုံးဦးအတွက် အိမ်မှာ ထမင်း၊ ဟင်းချက်ပြုတ်၍ထားခဲ့ပြီး အလုပ်ရှာထွက်ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစပြီး အောင်အောင့်တွင် အလုပ်အကိုင်ပုံမှန်ရှိမနေတော့ဘဲ ကြုံရာကျပန်း ဘောက်လိုက်လုပ်သည့် အလုပ်သမားတစ်ဦး ဖြစ်လာရသည်။ အတန်းပညာ အများကြီးမရှိသူမို့ အလုပ်လုပ်ရတာ၊ အလုပ်ရှာရတာ ပိုပြီးခက်ခဲလာသည်။
အလုပ်ကြမ်းသမား လိုတဲ့အခါ အလုပ်ကြမ်းသမား၊ ပန်းရန်လိုတဲ့အခါ ပန်းရန် စသည်ဖြင့် လိုက်လုပ်ရသော အောင်အောင့်မှာ ဝင်ငွေ အတည်တကျလည်း ရှိမနေခဲ့ပါ။ တစ်ခါတလေ တပြားမှမရဘဲ ပြန်လာခဲ့ရသည့်ရက်တွေလည်း ရှိပြီး ရေသောက် ဗိုက်မှောက်နေရသည့် အချိန်တွေလည်း ရှိသည်။ ခေတ်ကာလ မကောင်းချိန်မှာ အလုပ်တချို့ ပိတ်သိမ်းလိုက်ရသည်မို့ အောင်အောင့်အလုပ်ကလည်း ထိုကဲ့သို့ ပိတ်သွားရသော အလုပ်တွေထဲကတစ်ခု ဖြစ်သည်။ ကိုဗစ် ပထမလှိုင်းတုန်းက နိုင်ငံတော်က ထောက်ပံ့ဝေမျှတာတွေ ရခဲ့ဖူးပြီး အလုပ်မရှိသော်လည်း ရထားတာလေးနှင့် မျှတစားလို့ရသည်။ ခုချိန်မှာတော့ အထောက်အပံ့ အတော်များများ ရပ်တန့်ကုန်သည်။
ရံဖန်ရံခါ လာလှုသည့်အလှူရှင်ရှိလျှင်တော့ ဆန်နှင့် ကြက်ဥများ ရတတ်သည်။ ဒီရက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ပေးသည့် ၄ ပြည်ဝင် ဆန်အိတ် တစ်အိတ် ရထားသည်မို့ မီးဖိုချောင် လိုအပ်ချက်အတွက် အနည်းငယ် စိတ်သက်သာရာရသည်။ ကျူးကျော်မှာ တဲထိုးပြီး နေရသဖြင့် အိမ်လခအတွက် မပူပင်ရသော်လည်း စည်ပင်ရန်ကိုတော့ ကြောက်ရသေးသည်။
အလုပ်မရှိသည့်အချိန် အစာအိမ်က ဒီတိုင်းမနေသည်မို့ စားဖို့အတွက် ဟိုက ဒီက ပိုက်ဆံလှည့်ရပြန်သည်။ ရတဲ့အခါ ပြန်ပေးပြီး မပေးနိုင်တဲ့အခါလည်း တောင်းပန်ရသလို ကြွေးရှင်က အိမ်ရှေ့က အော်ဟစ်ဆဲဆိုသွားတာကို နားယဥ်နေခဲ့ပါပြီ။ မိတ်ဆွေတစ်ယောက်နှင့်စ ကားပြောနေတုန်း အောင်အောင့်နားထဲ ဆိုင်းသံဗုံသံ ဆူဆူညံညံ ကြားလိုက်ရသည်။ တစ်လမ်းကျော်မှာ နတ်ပွဲရှိတာကိုး ဟု အောင်အောင် သတိရသွားသည်။
စီးပွားရေးသမားတွေ အဓိဋ္ဌာန်အောင်လို့ ပျော်ပွဲပေးသည့်အခါ သိန်းသုံးဆယ်လောက် အကုန်ခံပြီး နတ်ပွဲ သုံးရက်လောက် ပေးတတ်သည်။ တစ်လမ်းကျော်ကို ထွက်လာတော့ လင်းလက်နေသည့် မီးရောင်စုံအောက်မှာ ပြောင်လက်နေသော အဝတ်အစားများဖြင့် စည်စည်ကားကား ကျင်းပနေသည့် နတ်ပွဲကို တွေ့ရသည်။ ခန့်ခန့်ချောချော နတ်ကတော်မှာ Boycott လုပ်ထားသည့် ထုတ်ကုန်တွေဖြစ်သည့် မြန်မာဘီယာပုလင်းများကို မော့ကာမော့ကာနှင့် ကိုကြီးကျော် နတ်ဝင်နေသည်။ သူ့ကို အဖွာတော်ဆက်တော့ Red Ruby စီးကရက်ကို လက်ကြားညှပ်ရင်း ကန္နားရှင် ဖရဏပီတိဂွမ်းဆီထိစေလောက်သော အဟောအပြောတို့ဖြင့် ပွဲထိန်းထားသည်။
ကျေနပ်နေပုံရသော ကန္နားရှင်မှာ ငွေသိန်းဂဏန်း အထပ်လိုက်ကို တွန့်တိုခြင်းမရှိ နတ်ကတော်ဆီ ပေးလှူနေလေသည်။ နတ်ကတော်က ဆိုင်းဆရာထံသို့ အထပ်လိုက်ပေးလိုက်ပြီး ကျန်ငွေအချို့ကို ဘေးပတ်လည်မှာ ရပ်ကြည့်နေကြသော လူအများရှိရာသို့ ကြဲချလိုက်သည်။ သူ့ထက်ငါ တိုးဝှေ့ပြီး အလုအယက် ကောက်နေကြသော လူအုပ်ကြီးထဲ ဘယ်သူမှ တွန်းမပို့ရဘဲ အောင်အောင် ရောက်သွားသည်။
အောင်အောင့်လက်ထဲ ဗိုလ်ချုပ်အောင်ဆန်းပိုက်ဆံ တစ်ထောင်တန် နှစ်ရွက် ရလာခဲ့သည်။ အောင်အောင့်လိုပင် ပိုက်ဆံကောက်ရသူအသီးသီးက ပျော်နေကြပြီး မရသေးသူတွေက နောက်တစ်ခါ ကြဲရင် ငါတို့အလှည့်ပေါ့ ဆိုသည့်မျှော်လင့်ချက်ဖြင့် ရပ်ကြည့်နေကြဆဲ ဖြစ်သည်။
အောင်အောင် ရသည့်ငွေနှစ်ထောင်နှင့်ဆိုလျှင် ကြက်ဥ ဆယ်လုံးရသည်။ သည်ကြည်ဥ ဆယ်လုံးနှင့်ဆိုလျှင် အိမ်မှာကျန်ခဲ့သည့် လူမမာများအတွက် ညနေစာ ဟင်းစားရပြီ ဟုတွေးမိကာ ကြက်ဥဝယ်ဖို့ အောင်အောင် ပြေးထွက်လာခဲ့သည်။
ခက်ခဲသူတွေအတွက်တော့ ငွေနှစ်ထောင် ဆိုသည်မှာ အသုံးတည့်နေဆဲ။ ငွေအထပ်လိုက်ကို တွင်းထဲက နှိုက်သုံးသလို ပျော်ပျော်ကြီးသုံးစွဲနိုင်သူများက လက်တဆုပ်စာပင် မပြည့်ပေမယ့် ထိုသူတွေထံမှ သနားသဖြင့် စွန့်ကြဲသည့် ငွေစကြေးစတချို့ကိုရဖို့ တိုးဝှေ့လုနေကြရသူတွေက သမုဒ္ဒရာ ဝမ်းတထွာအတွက် လူပင်လယ်ထဲ အပြိုင်အဆိုင် ကူးခတ်နေရဆဲပင်။
စု
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)