စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ပူးပေါင်းတပ်ဖွဲ့ ၅ ဖွဲ့က ၄ နေရာခွဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အရာရှိ ၁ ယောက်အပါဝင် ၆ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ CDSOM က ပြောပါတယ်။
စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို ဆင်းလာတဲ့ အင်အားအပြည့်ပါတဲ့ စစ်ကောင်စီ ပွိုင့်ကား ၃ စီးနဲ့ အိမ်စီးကာ ၁ စီးကို ဒီနေ့ ဇွန် ၂၇ ရက်နေ့ မနက် ၉ နာရီကျော်လောက်က မြင်းမူနဲ့ ဝမ်းပြည့်ကြားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂ နေရာခွဲပြီးပဒေသာမိုင်း ၆ လုံးနဲ့ တိုက်ခိုက်တာဖြစ်ပြီး ရှေ့ပွိုင့်ကား ၂ စီးကို ထိမှန်ခဲ့တယ်လို့ CDSOM ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်မင်းယက္ခက ဒီဗွီဘီ ကို ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ယာဥ်တန်းကို ဘိုးမင်းကြီး ကင်းရွာနဲ့ ဂွေးပင်တောရွာကြားမှာ မနက် ၁၀ နာရီလောက်က ပဒေသာမိုင်း ၆ လုံးတွဲနဲ့ နှစ်နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယကားနဲ့ တတိယကားကို ထိထိမိမိ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီ မိုင်းစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က အကောင်ကြီး ၁ ယောက်နဲ့ တပ်သား ၆ ယောက် အပြင်းထန်ဒဏ်ရာရာရရှိခဲ့ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်” လို့ ပြောပါတယ်။
အဲဒီမိုင်းစစ်ဆင်ရေးကို မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့က ဦးဆောင်ပြီး CDSOM(မြောင်)၊ CRF(မြင်းမူ)၊ မြင်းမူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းမူ MMU-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကားလမ်းပေါ်မှာရှိတဲ့ ဘိုးမင်းကြီးရွာနဲ့ ဂွေးတောက်တော ရွာကြားမှာ ဇွန် ၂၅ ရက်နေ့ကလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၅ ဖွဲ့က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ၆ ဘီးကားတစီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ သိရပါတယ်။
အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံး၊ဒဏ်ရာရရှိတဲ့အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။