ဘန်ကောက် မီးလောင်မှု ၂ ဦးသေဆုံး၊ ကယ်ဆယ်ရေးလုပ်သား ၁၁ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်၊ ဆမ်ဖိန်းနယ်မြေ ဆမ်ဖိန်းဈေးကြီးအနီးမှာ ဇွန် ၂၆   မနက်ပိုင်းက မီးလောင်မှုဖြစ်ပြီး  သေဆုံးသူ ၂ ဦးရှိကာ မီးသတ်တပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးလုပ်သား စုစုပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

သေဆုံးသူ ၂ ဦးမှာ ပလတ်စတစ်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃၄ နှစ်ရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသား ၁ ဦးနဲ့ အသက် ၅၂ နှစ်ရွယ် ငွေလက်ခံကောင်တာ ဝန်ထမ်း ထိုင်းအမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်း၊ သူတို့ဟာ အပြင်ကိုထွက်လာလို့မရတာကြောင့်  မီးဝိုင်းခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

သေဆုံးသူ မြန်မာလုပ်သားနဲ့ ပတ်သက်တဲ့အသေးစိတ်ကိုတော့ သတင်းတွေမှာ ဖော်ပြထားတာ မတွေ့ပါဘူး။

ဆမ်ဖိန်းလမ်းဆုံအနီးရှိ ထရန်စဖော်မာမီးအားမြှင့်စက်ကနေ မနက် ၁၁ နာရီခွဲလောက်က စတင်လောင်ကျွမ်းတာဖြစ်ပြီး အနီးရှိ ၃ ထပ်တိုက်ခန်းတွဲတွေကို ကူးစက်ကာ တိုက်ခန်း ၆ ခန်းအပြင်  အနီးတဝိုက်မှာရပ်ထားတဲ့ ကား ၃ စီး ၊ ဆိုင်ကယ် ၁ စီးလည်းလောင်ကျွမ်းတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မီးမလောင်ခင် မနက် ၁၀ နာရီလောက်က အဆိုပါထရန်စဖော်မာစက်နားကို လျှပ်စစ်မီးပြင်သမားတွေလာရောက်ပြီး ပြင်ဆင်သွားခဲ့ကြောင်း၊ သူတို့ထွက်သွားပြီး မကြာခင် အဲဒီ စက်ကနေ မီးခိုးငွေ့တွေ စထွက်တာ၊ အဲဒီနောက် မီးတောက်တွေ ထလာတာကို လမ်းသွားလမ်း လာပြည်သူတွေက ဗွီဒီယိုရိုက်ပြီး လူမှုကွန်ယက်ပေါ်တင်ထားခဲ့ကြပါတယ်။ 

အဲဒီနေရာကို ချက်ချင်းရောက်မလာတဲ့ လျှပ်စစ်ဝန်ထမ်းတွေဟာလည်း အပြင်းအထန်ဝေဖန်ခံနေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်ခရိုင်ဝန်ကတော့ ကနဦးအနေနဲ့ မီးဘေးသင့်သူတွေ၊ နစ်နာသူတွေကို အရေးပေါအကူအညီပေးဖို့နဲ့ မီးလောက်ရတဲ့ အကြောင်းရင်းကို ဆိုင်ရာက စုံစမ်းစစ်ဆေးပြီး ရေရှည်မှာ ဘေးရန်ကင်းအောင် လျှပ်စစ်ကြိုးတွေတပ်ဆင် ဆောင်ရွက်ဖို့ ပြောသွားပါတယ်။ 

မီးလောင်ခံရတဲ့ ပလပ်စတစ်ပစ္စည်းဆိုင်ပိုင်ရှင်ကတော့ သူ့အနေနဲ့ ဆုံးရှုံးမှု ဘတ် ၁၀ သန်း ကျော်ရှိပြီး  သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တရားစွဲဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေပါတယ်။ 

ကိုးကား - prachachat.net

//
More News
Up