ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း၌ တောင်ပြိုပြီး ကုန်ကား ၁ စီးထိခိုက်

ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းအပေါ်ကွင်းလမ်းမှာ တောင်ပြိုတာကြောင့် ကုန်ကားတစီး ထိခိုက်သွားတယ်လို့  နယ်စပ်ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။ 

"ဗမာ ရှန်တိန် နားနေဆောင်က ဒီနေ့ ဝင်မယ့် ကားက တောင်ပြိုလို့။ လက်ရှိကတော့ ကားက ထိခိုက်တာတော့ တာယာပွင့်တာလောက်ပဲ ရှိသေးတယ်။ မိုးက ရွာတော့ တောင်က ဆက်ပြီးတော့ ပြိုတော့မှာလေ။ ဆက်ပြိုလာရင်တော့ ကားပေါ် ပိမိတော့မှေပေါ့နော်။ တာယာတွေက ကျောက်ခဲတွေနဲ့ ထိတော့ ပျက်စီးသွားကုန်တာလေ” လို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။ 

လမ်းပိတ်သွားတဲ့ အတိုင်းအတာထိတော့ မဖြစ်သေးပေမယ့် အချိန်မီ မရှင်းနိုင်ပါက ကားလမ်းတွေ ပိတ်သွားမယ့်အပြင် လက်ရှိ ပိမိနေတဲ့ ကားပါလဲကျပြီး ကားအပြင် ကုန်တွေပါ ပျက်စီး ရှုံးဆုံးမှု ဖြစ်သွားမှာကို စိုးရိမ်ကြောင်း အဲဒီ ကားရဲ့ ပိုင်ရှင်က ပြောပါတယ်။  

"မိုး တညလုံးလို ရွာနေတာ ဆက်တိုက်။ မနေ့ည ရွာတဲ့မိုးနဲ့ အခု မနက်ခင်းပိုင်းမှာ ဖြစ်သွားတာ။ ထိတာတော့ ကျနော့် အိမ်ကကားပဲ။ ကျနော့်အိမ်က ကားတစီး ထိသွားတာ။" 

ကန်ပိုက်တီလမ်းမှာတော့ အခုနှစ် မိုးများပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောတလျှောက် မကြာခဏ မြေပြိုတာတွေ၊ လမ်းပျက်စီးမှုကြောင့် ကားတိမ်းမှောက်တာတွေ၊ ရေကြီးရေလျှံတာတွေဖြစ်ပြီး ခါတိုင်းထက် အခက်အခဲတွေ ဖြစ်ရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။ 

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံဘက်ကို မြန်မာ့စိုက်ပျိုးရေး ထုတ်ကုန် တွေဖြစ်တဲ့ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲ၊ ရာဘာ စတာတွေကို အဓိက တင်ပို့ရောင်းချပြီး သွင်းကုန်အဖြစ် ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးပစ္စည်းနဲ့ အခြား လူသုံး အိမ်သုံး ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းတာလည်း ဖြစ်ပါတယ်။

//
More News
Up