ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ စစ်ကောင်စီက ပြည်သူတွေကို လက်နက်ကိုင်သင်တန်းပေးဖို့ ဖွဲ့စည်းရာမှာ ကြီးကြပ်အမည်စာရင်းပေါက်ကြားလို့ ထွေအုပ်ဝန်ထမ်းတွေ စစ်ဆေးခံနေရတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးရာမှာ ကြီးကြပ်ရမယ့် စာရင်းကို ဇွန်လ ၂၂ ရက်နေ့ ရက်စွဲပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တင်ပြတဲ့စာ ပေါက်ကြားမှုနဲ့ ထွေအုပ်ဝန်ထမ်းတွေကို ရုံးပိတ်ရက် ပြန်ခေါ်ပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတာလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတဦးက ပြောပါတယ်။
“စာက အဆင့်ဆင့်တင်ရတာ ဘယ်အဆင့်မှာ ပေါက်တယ်ဆိုတာတော့ မသိသေးဘူး။ အဲဒါကိုလည်း အဓိက စစ်ဆေးနေတာ ရုံးပိတ်ရက်ပေမယ့် အားလုံးရုံးတက်ပြီး အစစ်ဆေးခံနေရတာပေါ့”လို့ ပြောပါတယ်။
ကြီးကြပ်ရမယ့် စာရင်းထဲမှာ စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဗိုလ်မှူးကျော်စွာထွန်းက ဦးဆောင်ပြီး ဌာနဆိုင်ရာ ဦးစီးအရာရှိတွေနဲ့ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းအပြင် ကြက်ခြေနီအဖွဲ့ဝင်တွေ နဲ့ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ပေးပြီး လက်နက်တပ်ဆင်တာတွေ ပြုလုပ်မယ့် စာရင်းထဲမှာ ရဲမှုထမ်းဟောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဒေသအကျိုး လိုလားသူများ (စစ်တပ်ထောက်ခံသူ)၊ ပါတီအချို့က အဖွဲ့ဝင်တွေနဲ့ ဝိုင်အမ်ဘီအေ စတဲ့အသင်းအဖွဲ့က လူတွေနဲ့ ဖွဲ့စည်းဖို့ စီစဉ်နေတာလို့ သိရပါတယ်။