စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သား အယောက် ၈၀ ဝန်းကျင်ကို ရှိလာပြီလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ သူတွေရှိသလို CDM လှုပ်ရှားမှုမှာ ပါဝင်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုနောက်ပိုင်းမှ အခက်အခဲတွေကြားထဲကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေ အများစုဖြစ်တယ်လို့ ကသာ ပကဖတာဝန်ခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့ထိဆိုရင် CDM ပြုလုပ်တဲ့ ရဲနဲ့ စစ်သား ၇၀ ကျော်၊ ၈၀ ဝန်းကျင်ထဲကို ရောက်လာပြီး၊ CDM လုပ်တဲ့ ရဲသား၊ စစ်သားတွေ ရှိသလို အစောကြီး CDM လုပ်ပြီး ပြည်သူ့ရင်ခွင်နဲ့ မဆက်သွယ်ကြတဲ့သူတွေလည်း ရှိတယ်။ အခုနောက်ပိုင်းကျမှ ထွက်ချိန်ရလို့၊ ထွက်ခွင့်ရလို့၊ ထွက်နိုင်တဲ့ အနေအထားမို့လို့ လာကြတာတွေလည်း ရှိတယ်ပေါ့၊ ပြီးတော့ CDM တွေရဲ့ ပြောပြချက်အရဆိုရင် စကစ တပ်သားတွေထဲမှာ CDM လုပ်ချင်တဲ့သူတွေလဲ အများကြီး ရှိသေးတယ်။ ထွက်ဖို့ အခွင့်မသာလို့ မထွက်နိုင်သေးတဲ့ အခြေအနေတဲ့” လို့ ပြောပါတယ်။
ကသာခရိုင်ထဲက ၈၀ ဝန်းကျင်မှာ ရဲတပ်သား အနည်းစုသာဖြစ်ပြီး အများစုကတော့ စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ စစ်သားတွေဟာ ကသာခရိုင်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ အမှတ် (၈၈) ခြေမြန်တပ်မ လက်အောက်မှာရှိတဲ့ တပ်ရင်းက တပ်သားတွေနဲ့ ကသာခရိုင်မှာ အခြေစိုက်တဲ့ တပ်ရင်းက တပ်သားတွေ ဖြစ်ပါတယ်။
CDM ပြုလုပ်တဲ့ စစ်သားတွေ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြီး တိုက်ခိုက်တာတွေတော့ မရှိသေးဘူးလို့ ကသာပကဖ တာဝန်ခံက ပြောပါတယ်။
“တချို့ရဲ CDM တွေက စောကတည်းက ထွက်ထားပြီးတော့ လက်နက်ကို တော်လှန်နေတဲ့ သူတွေလည်း အများကြီးရှိတယ်လေ၊ စစ်သားတော့ မရှိဘူး၊ သူတို့က(CDM တပ်သား) လက်နက်ကိုင်ပြီး ပြန်တိုက်ချင်တယ်ပြောတယ်၊ သူတို့ ပြန်ပြီးတော်လှန်ချင်တယ် ပြောတယ်၊ ဒါပေမဲ့ အခု CDM ဝင်လာပြီးတော့ လက်နက်ပေးကိုင်ဖို့တော့ အဆင်မပြေနိင်တဲ့ အနေအထားတွေရယ်၊ အကြောင်းအမျိုးမျိုးကြောင့်ပေါ့၊ လုံခြုံတဲ့နေရာကိုပဲ ပို့ထားပေးတယ်” လို့ပြောပါတယ်။
ကသာမြို့နယ်ထဲမှာ ဇွန် ၁၁ ရက်မှ ၂၁ ရက်နေ့အထိ ကသာပကဖ၊ ကသာခရိုင် PDFတပ်ရင်း(၃)၊ ABSDF၊ ရပ်ကျေး ပကဖများ၊ မဟာမိတ် EROs ပူပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲတွေကြား တိုက်ပွဲ ၆ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၄၀ ဝန်းကျင် သေဆုံးမှုရှိတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ကသာပကဖက ထုတ်ပြန်ထားပါတယ်။
ကသာခရိုင်ထဲမှာ ဇွန် ၂၄ ရက် မနက် ၁၁ နာရီခွဲလောက်က ကသာနဲ့ အင်းတော်ကြားက ၈ မိုင် နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတို့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။