မောင်တောပညာရေးဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲသူများကို ပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ပညာရေးဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ရာဇတ်သတ်ကြီးပုဒ်မ ၃၆၅ နဲ့ ကြိမ်ချောင်းရဲစခန်းမှာ အမူဖွင့်ထားကြောင်း အမည်မဖော်လိုတဲ့ရဲအရာရှိတဦးက ပြောပါတယ်။

"သူတို့ ၂ ယောက်ကို ပြန်ပေးဆွဲခေါ်ဆောင်သွားသူတွေကို ကြိမ်ချောင်း နယ်မြေ ၃ မှာ ရာဇတ်သတ်ကြီးပုဒ်မ ၃၆၅ နဲ့ အမူဖွင့်ထားတယ်။ တရားစွဲနိုင်ဖို့ကတော သူတို့ ၂ ဦးကို တရားလိုပြသက်သေများအနေနဲ့ တရားရုံးမှာ စစ်ဆေးရပါမှာ။"

သူတို့ ၂ ဦးအား ပြန်ပေးဆွဲဖမ်းဆောင်သွားတာဟာ ကြိမ်ချောင်းအပိုင် ဇီပင်ချောင်ကျေးရွာ ခွဆုံမှာ ဖြစ်တာကြောင့် ကြိမ်ချောင်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ ဇွန် ၁၆ ရက်နေ့က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ မောင်တောမြို့နယ်ပညာရေးမှူးရုံးကို ဆိုင်ကယ်​နဲ့ သွားရောက်စဉ် ကြိမ်ချောင်း နယ်မြေအပိုင် ဇီပင်ချောင်းကျေးရွာမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

သူတို့အား ပြန်ပေးဆွဲသွားသူတွေရဲ့ ရုပ်သဏ္ဌာန်အား မူးခင်းတပ်ဖွဲ့က ပုံကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတွေဆီက သိရပါတယ်။

ဆရာ ဦးဘိုဝင်းရဲ့ မိသားစုဝင်တဦးက “အခုလက်ရှိ အချိန်အထိတော့ ကျနော်တို့ အစ်ကိုနဲ့ ဆရာမကို မောင်တောခရိုင်ထွေအုပ်ရိပ်သာမှာ လုံခြုံးရေးအရ ထိန်းသိမ်းဆဲပါ။ သူတို့ကို အဖွဲ့ပေါင်းစုံက လာရောက်စစ်ဆေးနေတာ ရှိနေတယ်။” လို့ ပြောဆိုပါတယ်။

သူတို့ ၂ ဦး ပြန်လွတ်မြောက်ဖို့ ပြန်ပေးသမားတွေအား မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန် ၂၂ ရက် နေ့တွေက အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနဲ့ ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ) Kharang Khali (ရခိုင်) ကျေးရွာအနီးမှာ လွှတ်ပေးခဲ့တာပါ။

ဇွန် ၂၃ ရက် ညမှာတော့ ပညာရေးဝန်ထမ်း ၂ ယောက်ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ ကော့ဇ်ဘဇားမြို့အခြေစိုက် အမှတ် ၃၄ BGB နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ လာရောက်လွှဲပြောင်းအပ်နှံခဲ့ကြပါတယ်။

သူတို့ ၂ ဦး အခုလိုပြန်လည်လွတ်မြောက်ဖို့ လွှဲပေးခဲ့တဲ့ငွေတွေဟာ မိသားစု၊ ပညာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့က ရှာဖွေချေးယူထားတာလို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

"လွှဲပေးလိုက်တဲ့ငွေတွေက မိဘတွေနဲ့ ပညာရေးဌာနကနဲ့ အုပ်ချုပ်ရေးဌာနမှ ချေးငှားထားတဲ့ငွေတွေဖြစ်တယ်။ ဒီငွေတွေကို အထက်ကညွှန်ကြားချက်နဲ့ ပြန်ဆပ်နိုင်ဖို့ ဆောင်ရွက်မှာဖြစ်တယ်။” 

ပညာရေးဝန်ထမ်း ၂ ဦး အား ဇွန် ၂၄ ရက် မွန်းတည်း ၁၂ နာရီကျော်လောက် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မိသားစုတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် လုံခြုံရေးအတွက် ခရိုင်ထွေအုပ်ရိပ်သာမှာ ထိန်းသိမ်းထားတာလည်းဖြစ်ပါတယ်။

//
More News
Up