Home
မြန်မာသတင်း
မြဝတီမြို့နယ်၌ စစ်ကောင်စီတပ်နှင့် KNU ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်
DVB
·
June 26, 2022

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ် ဝေါလေဒေသ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုတ်စခန်းကို KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ဇွန် ၂၆ ရက် မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကေအန်ယူ သတင်းရင်းမြစ်က သိရပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့  (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်​ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေတာပါ။

တောင်ပိုင်းတိုင်းထောက်ပို့တာဝန်ခံ ကိုရဲမင်းက “စခန်းကို မနေ့ညတည်းက တိုက်နေတာ။ စကစဘက်က စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ သူတွေရှိတယ်လို့ကြားတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတော့ရှိတယ်။ အတိအကျကတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝေါလေစစ်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီး ​ဆက်တိုက် ပစ်ကူပေးနေတယ်လို့ ကေအန်ယူ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုတ်တပ်စခန်းဟာ  မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေ မြို့သစ် အဝင်မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝေါလေ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေ ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၈ ရက်က သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO၊ PDF  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာနဲ့ စစ်သုံ့ပန်း ၆ ဦး ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီဘက်က သေဆုံးသူအများအပြားရှိပြီး သောင်းရင်းမြစ်တဘက် ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားလွတ်မြောက်သူရှိခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၆ နယ် မြေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာမှာ ဥကရစ်ထခြေကုတ်စခန်းအပါအဝင် စခန်း ၆ ခုကို KNLA၊ KNDO၊ PDF  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024