ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ ပြည်သူနေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဇွန် ၂၅ ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန် ၂၅ ရက်နေ့ မနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ၈ နာရီလောက်ကြာ တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစီးနဲ့ ၂ ကြိမ် ထောက်လှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကြား မနေ့မနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သလို ဒီးမော့ဆိုနယ်၊ မြို့မရဲစခန်းမှာလည်း မိနစ်အနည်းငယ်ပစ်ခတ်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲများတွင်း စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုတွေရှိပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDF၊ လွိုင်ကော်(PDF)၊ KRU၊ အလယ်ပိုင်းတိုင်း ၁၁၀၂ နဲ့ အခြားတော်လှန်ရေးတပ်အင်အားစုတို့ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကေင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။