ပဲခူးတိုင်း၊ ပြည်မြို့က ကျောင်းတွေမှာ အသက်အရွယ် အိုမင်းနေတဲ့ ပင်စင်စား စစ်သားအိုကြီးတွေကို သေနတ်တွေပေးပြီး အစောင့်ချထားတယ်လို့ ဒေသခံကျောင်းသားမိဘတွေက ပြောပါတယ်။
“သေနတ်တွေက အစစ်တွေဆိုပေမဲ့ အစုတ်ကြီးတွေထင်တယ်။ ပစ်လို့တောင် ရပါ့မလားမသိဘူး။ ဒါပေမည်း သူတို့ကလည်း ကြွားစရာမရှိ ကလေးတွေကို ကျည်ဆန်တွေ ထုတ်ပြတယ်၊ မောင်းတွေတင်ပြတယ်၊ တဖြောင်းဖြောင်းနဲ့ လုပ်ပြတယ်လို့ အိမ်ကကလေးကပြောတာ၊ ကလေးတွေကို ကြွားနေတာလား၊ တမင်ပဲ သူတို့မှာ ကျည်ဆန်ရှိတယ် ပစ်လို့ရတယ်ဆိုတာကို သိစေချင်လို့ လုပ်ပြနေတာလားမသိဘူး။ အမှတ် ၅ ကျောင်းမှာဆို အလယ်ပေါက်မှာ ၃ ယောက်၊ ဘေးအပေါက်မှာ ၂ ယောက်၊ ရထားလမ်းဘက်မှာလည်း ၃ ယောက်လောက် ချထားတယ်။ ကျောင်းတကျောင်းကို စစ်သားအိုကြီးတွေ ၈ ယောက်နဲ့ ၁၀ ယောက်လောက်အထိချထားတာ။ တခုခုဖြစ်ရင် ပြေးတောင်ပြေးနိုင်တဲ့ အခြေအနေမရှိဘူး၊ အိုကြီးအိုမတွေ၊ ယူနီဖောင်းကတော့ အသစ်တွေပါတွေနဲ့ ထုတ်ပေးတာလားတော့မသိဘူး၊ သေခါနီးနေတာတောင် အမြင်မှန်မရကြသေးဘူး၊ သေစရာရှိရင် သူတို့အရင်သေကြမှာ” လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
အဲဒီ ပင်စင်စားစစ်သားတွေအား စစ်ကောင်စီက ၁ လကို လစာ ၂ သိန်း ၈ သောင်း၊ ဆန်နဲ့ ရိက္ခာတွေပေးပြီး ကျောင်းတွေမှာ စောင့်ခိုင်ထားတာလို့ ဗိုလ်ချုပ်လမ်းနေထိုင်သူတယောက်က ပြောပါတယ်။
“အရင်ကတော့ သတင်းပဲပေးရတာ၊ အခုတော့ သေနတ်အစုတ်လေးတွေ ထုတ်ပေးပြီး ကျောင်းတွေမှာ အစောင့်လုပ်ပေးနေရတာ။ အိမ်နားက ဘိုးတော်က အရင်ကတော့ စားဖို့တောင်မရှိဘူး၊ တခါတလေ ဆိုင်ကယ် ကယ်ရီလေးဘာလေးထွက်ပြီး ဈေးဖိုးရှာနေရတာ၊ အခုတော့ လစာနဲ့ဆန်ရတော့ သေနတ်အစုတ်နဲ့ အောင်ဆန်းကျောင်းမှာ ကျောင်းစောင့်လုပ်ပေးပြီ အဆင်ပြေနေတယ်။”
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကလည်း ၀က်ထီးကန် အထက မှာစောင့်နေတဲ့ ပင်စင်စားသက်ကြီး စစ်သားတယောက် သေနတ်ပျောက်သွားတာကြောင့် ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ အဲဒီပင်စင်စားစစ်သားကိုလည်း မတွေ့တော့ဘူးလို့ ၀က်ထီးကန်မြို့ခံတယောက်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက CDM ကျောင်းဆရာ၊ဆရာမတွေကို အတင်းပြန်ခေါ်ပြီး ကျောင်းပြန်တက်ခိုင်းတာ၊ လက်မှတ်ထိုးခိုင်းတာတွေ ဆက်တိုက်လုပ်နေသလို ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဖေ့စ်ဘွတ်ခ်ကိုစောင့်ကြည့်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။