သေနတ်ဘေးကင်းလုံခြုံမှုဆိုင်ရာဥပဒေကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နှစ် ၃၀ အတွင်း ပထမဆုံးအနေနဲ့ သေနတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဘေးကင်းလုံခြုံရေး ဥပဒေတရပ်ကို  လက်မှတ်ရေးထိုးရာမှာ အစိုးရကရော အတိုက်အခံတွေကပါ ထောက်ခံခဲ့ကြပါတယ်။

“ဘုရားသခင် အလိုတော်ရှိလို့ အသက်ပေါင်းများစွာကို ကယ်တင်တော့မယ်။”လို့ ဘိုင်ဒင်က ဇနီးဖြစ်သူဂျေးလ်နဲ့အတူ အိမ်ဖြူတော်မှာ ပြောခဲ့ပါတယ်။

အမေရိကန်တရားရုံးချုပ်က သေနတ်ကိုင်ဆောင်သူတွေရဲ့ အခွင့်အရေးကို တိုးချဲ့ပြီး ရက်ပိုင်းအတွင်း ခုလို လက်မှတ်ထိုးခဲ့တာပါ။

လူတစ်ဦးချင်းစီ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သေနတ်ကိုင်ဆောင်ခွင့်ကို အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေက အကာအကွယ် ပေးထားတယ်လို့ တရားရုံးချုပ်က ပထမဆုံးအကြိမ် အနေနဲ့  ကြာသပတေးနေ့က ကြေညာခဲ့တာပါ။

သေနတ်ထိန်းချုပ်ရေးဟာ အချိန်နဲ့အမျှ ပျက်ကွက်ခဲ့ပါတယ်။ သေနတ်ရောင်းချမှုအပေါ် အသစ်ထိန်းချုပ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားရင်း အမေရိကန်နိုင်ငံထဲမှာ ကာလကြာရှည် သဘောထားကွဲလွဲခဲ့ကြပါတယ်။

အခု ဥပဒေသစ်ထဲမှာ သူတို့ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ အန္တရာယ်လို့ ယူဆတဲ့လူတွေ လက်ထဲက သေနတ်တွေကို အစိုးရတွေက ကယ်နိုင်ဖို့ ကူညီမှာပါ။ လက်မထပ်ရသေးတဲ့ လက်တွဲဖော်တွေကို ညှဉ်းပန်းနှိပ်စက်သူတွေကို သေနတ်မရောင်းဖို့ ပိတ်ပင်ရေးပြဋ္ဌာန်းချက်တွေလဲ ပါပါတယ်။ အသက်မပြည့်သူတွေ ကျူးလွန်တဲ့ သိသာတဲ့ ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ပထမဆုံး အကြိမ် အနေနဲ့ ယူခွင့်ပြုပြီး နောက်ခံ ကိုယ်ရေးရာဇဝင်ကို စစ်ဆေးဖို့ ဒီဥပဒေက ခွင့်ပြုထားပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို သေနတ်မရောင်းဖို့ တားမြစ်ထားပါတယ်။ သူတို့ကိုယ်တိုင်အတွက်ရော သူများအတွက်ပါ အန္တရာယ် ရှိပုံရသူတွေဆီက သေနတ်တွေကို ဖယ်ရှားဖို့ ရည်မှန်းထားတဲ့ အလံနီ ဥပဒေတွေကိုစီရင်ဖို့  ဒီဥပဒေအရ ပြည်နယ်တွေအတွက် ပြည်ထောင်စုက ရန်ပုံငွေအသစ်ကို ပေးဖို့ ရှိနေပါတယ်။

ချေမှုန်းရေးပုံစံ ရိုင်ဖယ်တွေ ဒါမှမဟုတ်  စွမ်းရည်မြင့် ကျည်ကတ်တွေ ရောင်းတာကိုတော့ မပိတ်ပင် ထားပါဘူး။

ဥပဒေကြမ်းကို လက်မှတ်ထိုးတဲ့ အထိမ်းအမှတ်အနေနဲ့ သေနတ်နဲ့ အကြမ်းဖက် ခံရသူတွေအတွက် ဇူလိုင်လထဲမှာ ပွဲတစ်ခုကျင်းပမယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောပါတယ်။ 

//
More News
Up