လူသေဆုံးခဲ့သည့် နယ်စပ်ကျူးကျော်မှု လူကုန်ကူးသူများကြောင့်ဟု စပိန်ဝန်ကြီးချုပ်ပြော

စပိန်နိုင်ငံမြောက်ပိုင်းက အာဖရိကန်လူမျိုးစုတွေ နေထိုင်ရာ မေလီလာနဲ့ မော်ရိုကို နယ်စပ်နားမှာ လူသေတဲ့အထိ နယ်စပ်ကျူးကျော်မှု ဖြစ်ရတာဟာ လူကုန်ကူးသူ မာဖီးယားဂိုဏ်းတွေကြောင့်လို့ စပိန်ဝန်ကြီးချုပ် ပေဒရို စန်ချက်ဇ်က ဇွန် ၂၅ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဇွန် ၂၄ ရက်က နယ်စပ်ကျူးကျော်မှုအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁၈ ယောက်ထက်မနည်း သေဆုံးပြီး စပိန်နဲ့ မော်ရိုကိုအရာရှိ အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။

ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ပိုင်နက် ဂုဏ်သိက္ခာကို တိုက်ခိုက်တာပဲလို့ စန်ချက်ဇ်က မဒရစ်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ရင်း တချို့က ခြံစည်းရိုးအမြင့်ကနေ ပြုတ်ကျသေဆုံးသလို တချို့က လူနင်းမိပြီး သေဆုံးတာလို့ မော်ရိုကို အာဏာပိုင်တွေက ပြောပါတယ်။

မော်ရိုကို လူ့အခွင့်အရေးအဖွဲ့ကတော့ လူ ၂၇ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။

ဇွန် ၂၄ ရက်က ရွှေ့ပြောင်းနေထိုင်သူ အယောက် ၂၀၀၀ လောက်ဟာ စပိန်နယ်မြေထဲကို ဖြတ်ဝင်ဖို့ နယ်စပ်စည်းရိုးကို အတင်းဝင်စီးခဲ့ကြပါတယ်။

ဒါကြောင့် နယ်ခြားစောင့်တပ်တွေနဲ့ လုံခြုံရေးတပ်တွေနဲ့ ရုန်းရင်းဆန်ခတ် ၂ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ စပိန်နဲ့ မော်ရိုကို အာဏာပိုင်တွေက ပြောပါတယ်။

မော်ရိုကို လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၁၄၀ လောက် ဒဏ်ရာရပြီး ငါးယောက်က အသည်းအသန် အခြေအနေထိ ရောက်ခဲ့ပါတယ်။

ဒါပေမယ့် နယ်စပ်ရဲ့ စပိန်ဘက်အခြမ်းမှာ သေဆုံးသူ တယောက်မှ မရှိခဲ့ဘူးလို့ စပိန်အစိုးရ ပြောခွင့်ရက ပြောခဲ့ပါတယ်။

စပိန်ဘက်ခြမ်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၅၇ ယောက်နဲ့ ရဲအရာရှိ ၄၉ ယောက် ဒဏ်ရာ ရတယ်လို့လည်း ပြောခဲ့ပါတယ်။

//
More News
Up