အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဇွန်လ ၂၃ ရက်နေ့က အွန်လိုင်းကနေတဆင့် တွေ့ဆုံပြီး အရေးပါတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချိုလက်က ဒီနေ့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အခုတွေ့ဆုံမှုမှာ မြန်မာပြည်သူတွေအတွက် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေးအပြင် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အားလုံးတန်းတူပါဝင်နိုင်မယ့် ဒီမိုကရေစီ ပြန်လည်ရရှိရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မကြာသေးခင်ကမှ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း အာဆီယံဒေသတွင်း ခရီးစဉ်သွားရောက်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံကာ မြန်မာအရေးကို ထည့်သွင်းဆွေးနွေးခဲ့သလို NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို အားပေးခဲ့ပါတယ်။