Home
ဆောင်းပါး
မျက်ရည်ခန်းသွားတဲ့တိုင်းပြည်ရဲ့ ကမ္ဘာကိုကိုင်လှုပ်နေတဲ့ ပြည်သူ့စွမ်းအား
DVB
·
June 25, 2022

ဒီကနေ့ မြန်မာပြည်သူတွေဟာ မျိုးတုံးပျောက်ကွယ်ဖို့ နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ စစ်အာဏာရှင်စနစ် ဒေါက်တိုင်တွေဖြစ်တဲ့ စစ်အခွင့်ထူးခံ ဘီလူးသဘက်တွေ၊ ဘာသာရေးအစွန်းရောက် မျိုးညစ်အုပ်စုတွေရဲ့ ရက်စက်ကြမ်းကြုတ်လွန်းလှတဲ့ ရှင်သန်ရေးဆိုင်ရာ နောက်ဆုံးရုန်းကန်ခုခံမှုတွေကို အပြင်းထန်ဆုံး ရင်ဆိုင်နေကြရချိန် ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း လူစိတ်ပျောက်နေတဲ့ စစ်ဘီလူးသဘက်တွေဟာ မတရားမှုကို ခေါင်းငုံ့မခံတဲ့ မြန်မာပြည်သူတွေကို အညှာအတာကင်းမဲ့စွာ ဦးခေါင်းကို သေနတ်နဲ့ တည့်တည့်ချိန် ပစ်သတ်ခဲ့တာ၊ အရှင်လတ်လတ် ရိုက်သတ်ခဲ့တာ၊ ပါးစပ်ထဲ အက်ဆစ်လောင်းထည့်သတ်ခဲ့တာ၊ မနက်ဖမ်း ညနေ အလောင်းလာယူခိုင်းတာ၊ လူအရှင်လတ်လတ်ကို မီးရှို့သတ်တာ စတဲ့ ရက်စက်ကြမ်းကြုတ်ဆုံး နည်းလမ်းတွေနဲ့ လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးပြစ်မှုတွေ ကျူးလွန်တာကို မြန်မာပြည်သူလူထုဟာ မယုံကြည်နိုင်လောက်အောင် ခံစားခဲ့ကြရ၊ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

မိမိတို့ရဲ့ အချစ်ဆုံးသူတွေနဲ့ ထာဝရ သေကွဲ ကွဲကြရသလို မိမိတသက်တာ စုဆောင်းရှာဖွေထားတဲ့ စီးပွား ဥစ္စာပစ္စည်း အိုးအိမ်တွေ၊ ဘဝတွေကို ဘာမှမကျန်တော့အောင် အဖျက်ဆီးခံခဲ့ရပြီး ကြေကွဲဝမ်းနည်းရလွန်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပူဆွေးငိုကြွေးခဲ့ရတာ များလွန်းတော့ အခုဆို ကျစရာ မျက်ရည်မရှိတော့အောင် ခန်းခြောက်သွားခဲ့ရပါပြီ။

ပြီးခဲ့တဲ့အပတ်ထဲ စစ်ကိုင်းတိုင်းမှာ အာဏာလုအကြမ်းဖက်စစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း ပြည်သူ‌တွေကို သတ်ခဲ့ကြောင်း ကိုယ်တိုင်ပြောနေတဲ့ ရွံရှာအော်ဂလီဆန်စရာ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေနဲ့ သတင်းအင်တာနက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အရပ်သား ၃ဝ လောက်ကို လက်ပြန်ကြိုးတုပ်ဖမ်းထားပြီး ဘုန်းကြီးကျောင်းတကျောင်းအောက်မှာ စုပြီးထိုင်ခိုင်းထားပုံတွေ၊ မျက်လုံးတွေကို ပုဆိုးစနဲ့စည်း၊ လက်ပြန်ကြိုးတုပ်၊ နောက်စေ့ကနေ ပစ်သတ်ခံထားပြီး သွေးအိုင်ထဲမှာလဲနေတဲ့ အရပ်ဝတ်နဲ့ လူငါးယောက်အလောင်းနံဘေးမှာ ရုပ်သံဖိုင်ထဲက စစ်မိစ္ဆာနှစ်ယောက်က ရပ်ကြည့်နေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။

ကိုယ်တိုင်ဆယ်ဖီဆွဲတဲ့စစ်သား ကျကျန်ရစ်တဲ့ လက်ကိုင်ဖုန်းထဲက ဓာတ်ပုံတွေထဲမှာ သေနတ်ဒင်အပေါ်ရေးထားတဲ့ “၇၀၈၊ လေး-မျဉ်းစောင်း-သုံး” ဆိုတဲ့ နံပါတ်အရ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၇၀၈) ဖြစ်ပြီး နံပါတ်လေးဆိုတာက တပ်ခွဲ (၄) ဖြစ်တာမို့ ခမရ (၇၀၈) ပြည်သူသတ်စစ်သားတွေလို့ ပြောနိုင်ပါတယ်။

မျက်ရည်ခန်းသွားတဲ့ မြန်မာပြည်သူတွေအတွက် နောက်ထပ် စိတ်ထိခိုက်ကြေကွဲခဲ့ရတဲ့ သတင်းကတော့ ဇွန် ၁၀ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ အသက် ၂၇ နှစ်အရွယ် CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင် အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ ကိုယ်ဝန်ဆောင်မိခင် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ မသဲအိအိဝင်းနဲ့ Northern - Yesagyo (N-YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။

ပြည်သူလူထုကို နေလို မီးလို ရန်သူလို သတ်မှတ်ထားတဲ့ ဖက်ဆစ်စစ်တပ်ဟာ ယုတ်မာရက်စက်တဲ့ နည်းလမ်းမျိုးစုံ ကျူးလွန်နေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PVTV သတင်းမှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဒေသခံတွေက ရေတွင်းက ရေကိုသောက်ရင်း ဗိုက်နာ၊ ဝမ်းပျက်၊ ဝမ်းလျှောတာတွေ ဖြစ်နေတဲ့အတွက် ရေတွင်းကို မသင်္ကာလို့ သန့်ရှင်းရေးလုပ်ကြရာကနေ လက်နက်ကြီးကျည်တွေကို ဇွန် ၂၁ ရက်မှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်အတွင်းက အကြည်ရွာထဲကို အကြမ်းဖက်အာဏာလု စစ်အာဏာရှင်သစ္စာခံ ဖက်ဆစ်တပ်က စစ်ကြောင်းထိုးအပြီး ကျေးရွာကနေ ပြန်ထွက်တဲ့အခါမှာ အခုလိုမျိုး လက်နက်ကြီးကျည်တွေကို ပစ်ချထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ် အမြစ်တွယ်လာစကနေ ဒီကနေ့အချိန်ထိ နှစ်ပေါင်း ၆၀ အတွင်း ကိုယ်စိတ်နှစ်ပါးလုံး ထောင်းထောင်းကြေအောင် နာကြည်းခံပြင်းစရာ ဝမ်းနည်းကြေကွဲစရာ လူ့ဂုဏ်သိက္ခာအပေါ် စော်ကားခံရမှု၊ စစ်ရာဇဝတ်မှုတွေ မရေတွက်နိုင်လောက်အောင် စစ်မိစ္ဆာ မကောင်းဆိုးဝါးတွေရဲ့ ရက်ရက်စက်စက် ကျူးလွန်တာ ခံခဲ့ရပါတယ်။

ပြည်သူလူထုဟာ ခံစားခဲ့ရတာ ငိုကြွေးခဲ့ရတာ များလွန်းတာမို့ ဒီတခေါက် သမ္မတရူးမင်းအောင်လှိုင် အာဏာလုပြီး အဆုံးစွန်ထိ ရက်စက်ခဲ့တဲ့အခါ ကျစရာမျက်ရည် ခန်းခြောက်ခဲ့တာကြောင့် ဒီစစ်မကောင်းဆိုးဝါးတွေကို မြန်မာ့လူ့အဖွဲ့အစည်းက သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ် မဖြစ်မ‌နေပေးဖို့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ချက်တွေကို လူတန်းစားအလွှာအသီးအသီး၊ တိုင်းရင်းသားအများစုနဲ့ ရှိရှိသမျှ မျိုးဆက်အကုန်လုံးက ချမှတ်ခဲ့ရုံမက လက်တွေ့လည်း ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း လယ်သမားတွေက ထယ်သွားတွေချပြီး လက်နက်တွေ "မ"၊ အလုပ်သမားတွေက တူတွေလွှတ်ချ လက်နက်တွေ "မ"၊ ကျောင်းဆရာတွေက မြေဖြူတွေလွှတ်ချ၊ ဆရာဝန် သူနာပြုတွေက ဆေးထိုးအပ်တွေ လွှတ်ချပြီး လက်နက်တွေ "မ" ပြီဆိုတာ စစ်အခွင့်ထူးခံ လူယုတ်မာတွေအတွက် နောက်ဆုံးသမိုင်းစာမျက်နှာကို ရောက်ပြီဆိုတာ အချက်ပေးနေတာပဲ။

သိတတ်နားလည်ကြတဲ့ အနုပညာရှင်တွေအနက်က ပြည်သူ့အချစ်တော် မင်းသား မင်းမော်ကွန်းကလည်း အောက်ပါအတိုင်း သန္နိဋ္ဌာန်ချထားတဲ့ပို့စ် တင်ထားပါ‌သေးတယ်။

"အုတ်နံရံမှန်းသိတယ်

ခေါင်းမာလို့ တိုက်နေတာမဟုတ်ဘူး"

"အသဲနာလို့ တိုက်နေတာ

စိတ်ချ ပြိုအောင်တိုက်မှာ"

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Council on Foreign Relations ကနေ ကမကထကျင်းပတဲ့ ဗွီဒီယိုကွန်ဖရင့်ညီလာခံမှာ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းဖို့ ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းချက်ကို အခုလို ဖြေကြားသွားခဲ့တာ စာဖတ်သူတွေ မှတ်မိကြမယ် ထင်ပါတယ်။

“NLD အစိုးရကို ဖယ်ရှားဖို့ဆိုရင် ဖွဲ့စည်းပုံအတိုင်း လုပ်လို့မရဘဲ ဖွဲ့စည်းပုံကို လျစ်လျူရှု ဖောက်ဖျက်ပြီး လုပ်မှရမယ်။ ဒီလိုလုပ်ပြန်ရင်လည်း ပေးဆပ်ရမှာတွေကတော့ မတန်တဆပါပဲ”

“နောက်တခုက ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းပြည်ရှိ လူထုအနေနဲ့ အရင်နှစ် ၅၀ အတွင်း တကြိမ်မှ မခံစားဘူးတဲ့ လွတ်လပ်ခွင့်အရသာကို ကောင်းစွာ မြည်းစမ်းပြီး ဖြစ်နေတဲ့အတွက် ဒီလို အာဏာသိမ်းလို့ရှိရင် နိုင်ငံရေးအရ အလွန်တရာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်လာပြီး မယုံကြည်နိုင်လောက်အောင် ကသောင်းကနင်းတွေ ဖြစ်လာဖို့ပဲ ရှိပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရင် စစ်အာဏာရှင်ဩဇာခံ ဖက်ဆစ်ဓားပြတပ်ဟာ ပြည်သူလူထုကို မျက်ရည်ခန်းတဲ့အထိ အစွမ်းကုန် ယုတ်မာရက်စက်ခဲ့ကြပါတယ်။ ဆက်ပြီးလည်း အမိုက်ဇာတ်ခင်းနေကြဆဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာလည်း ရင်မဆန့်အောင် ခံစားရရင်း ခိုင်မာတဲ့ ဘဝပေးအသိတွေနဲ့ စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးစနစ် အဆုံးသတ် မြေမြှုပ်ပစ်ဖို့ ရရာလက်နက်ဆွဲလို့ တော်လှန်နေကြတာ ခရီးအတော်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

ကျဆုံးစစ်သား၊ ရဲသား တသောင်းခွဲနီးပါး၊ ထွက်ပြေးစစ်သားရဲသား တသောင်းနီးပါး ရှိလာတာမို့ စစ်အင်အားနဲ့ စိတ်ဓာတ်မှာ အနုတ်လက္ခဏာသာရှိပြီး အပေါင်းလက္ခဏာမရှိတဲ့ ဖက်ဆစ်စစ်ဓားပြတပ်ဟာ ဆက်ပြီး ကြာကြာမခံနိုင်တော့ပါဘူး။ ပြည်သူထံ သိပ်မဝေးတော့တဲ့ ကာလမှာ အညံ့ခံ ဒူးထောက်ကြရမှာ မလွဲပါဘူး။

မခန့်မှန်းနိုင်‌လောက်အောင် ကြီးမားတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်စွမ်းအားနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီသစ်ကို ထုဆစ်နေတာမို့ အောင်မြင်သွားရင် အာရှနိုင်ငံတွေက အာဏာရှင်အစိုးရတွေရဲ့ ထိုင်ခုံကို လှုပ်ရမ်းခါရုံမက ကမ္ဘာ့သမိုင်းကို ကြီးကျယ်မြင့်မြတ်စွာ မော်ကွန်းထိုး‌တော့မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024