အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီယားအစိုးရက မြန်မာပြည်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေက ဆိုးလ်မြို့တော်ရှိ ကမ္ဘောဒီယားသံရုံးရှေ့မှာ စုရုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလဆန်းကကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက်ပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီကို စစ်ကောင်စီမှတဆင့် ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာကို ကန့်ကွက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရကနေတဆင့် ပေးအပ်သွားဖို့ ဆန္ဒပြသူတွေက ကမ္ဘောဒီယား အစိုးရကို တိုက်တွန်းတောင်းဆိုကြပါတယ်။
ဒါ့အပြင် မြန်မာ-ကိုးရီးယား-အင်္ဂလိပ် ၃ ဘာသာနဲ့ ရေးသားထားတဲ့ မြန်မာပြည်သူတွေ ကိုယ်စား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကမ္ဘာ့အလှူရှင်တွေထံ တောင်းဆိုစာကိုလည်း ကမ္ဘောဒီယားသံရုံး စာပုံးထဲ ထည့်ခဲ့တယ်လို့ အခမ်းအနားကို စီစဉ်သူတွေက ပြောပါတယ်။
အလားတူ ဆန္ဒပြပွဲတွေကို တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံအပါအဝင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေက သက်ဆိုင်ရာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကမ္ဘောဒီယားသံရုံး သံရုံးတွေရှေ့မှာ တပြိုင်တည်းသွားရောက် ချိတ်ဆက်ဆောင်ရွက်နေတယ်လို စီစဉ်သူတွေက ပြောပါတယ်။
ဆိုးလ်မြို့မှာ ကျင်းပတဲ့ ဒီဆန္ဒပြပွဲကို ကိုရီးယားအခြေစိုက် NUG ထောက်ကူရေး အင်အားစုတွေက စုစည်းဦးဆောင် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။