စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းကျေးရွာမှာ စစ်ကောင်စီ တပ်လက်အောက်ခံ ပျုစောထီးတွေက ကျေးရွာပြည်သူလူထုရဲ့ လုပ်ငန်းခွင်သုံး ကျွဲ၊ နွားတွေနဲ့ တယ်လီဖုန်းတွေကို အဓမ္မ သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၅၀ လောက်ဟာ ကျေးရွာအတွင်းက ပြည်သူလူထုရဲ့ လုပ်ငန်းခွင်သုံး ကျွဲနွား ၁၆ ကောင်နဲ့ ဖုန်းအလုံးရေ ၄၀ ကျော်ကို ဇွန် ၂၀ ရက်နေ့ မှာ အတင်းအဓမ္မသိမ်းဆည်းသွားတာလို့ ဆိုပါတယ်။
“ပျူစောထီးစစ်သင်တန်းတက်ထားတဲ့ အုပ်ချုပ်ရေးမှူး နေထက်လင်း နဲ့အဖွဲ့က ရွာထဲကို ဝင်လာတယ်။ ရွာထဲက အိမ်တွေကို တအိမ်တက်ဆင်းလိုက်ပြီး တယ်လီဖုန်းတွေလိုက်သိမ်းတယ်။ အလုံး ၄၀ ကျော်လောက်ပါမယ်။ နွား ၁၄ ကောင်၊ ကျွဲ ၂ ကောင်ကိုလည်း လက်နက်ပြပြီး အတင်းသိမ်းသွားတယ်" လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မင်းကုန်းကျေးရွာက အုပ်ချုပ်ရေးမှူး နေထက်လင်းအပါအဝင် ပျူစောထီး အင်အား ၅၀ ကျော်ကို စစ်သင်တန်းပို့ချပေးခဲ့ပြီး ရိုင်ဖယ်သေနတ် အပါအဝင် လက်လုပ်သေနတ်တွေ ပေးအပ်ထားတာပါ။
"ဒီကောင်တွေ အုပ်စုကို စစ်တပ်က ပျူစောထီးစစ်သင်တန်းပေးထားတယ်။ သေနတ်တွေလည်း ပေးထားတာရှိတယ်။ ရိုင်ဖယ် အလက် ၂၀ ကျော်လောက်နဲ့ လက်လုပ်သေနတ်တွေ ပေးထားတယ်။ ရွာထဲမှာလည်း သေနတ်တွေ တကားကားနဲ့ သူတို့အင်အားတောင့်နေတော့ လုပ်ချင်ရာ လုပ်နေတာ” လို့ မင်းကုန်းဒေသခံတဦးက ပြောပါတယ်။
မင်းကုန်းကျေးရွာ သစ္စာရောင်ခြည်ကျောင်းတိုက်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြလပိုင်းက ပျူစောထီး သင်တန်းအတွက် အစည်းအဝေးပြုလုပ်နေချိန်မှာ Kanbalu Underground Warriors အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။