အမေရိကန်ရေကူးမယ် အလ်ဗာရက်ဇ် ပြိုင်ပွဲဝင်စဉ် မေ့မျောသွားသဖြင့် ကယ်တင်ခဲ့ရ

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ ဇွန် ၂၂ ရက်က ကျင်းပနေတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ အမေရိကန် ရေကူးအလှယိမ်း အနုပညာရှင် အန်နီတာ အလ်ဗာရက်ဇ်ဟာ ရေကူးကန်ထဲ သတိလစ်မေ့မြောသွားခဲ့လို့ သူ့ရဲ့နည်းပြ အန်ဒရိယ ဖွှမ်တက်စ်က ကယ်တင်ခဲ့ရပါတယ်။

ရေကူးနည်းပြ ဖွှမ်တက်စ်ဟာ အလ်ဗာရက်ဇ်ရဲ့ တကိုယ်တော် အလွတ်ပြကွက် နောက်ဆုံးအကြိမ် ဖျော်ဖြေယှဉ်ပြိုင်မှု အဆုံးသတ်မှာ အောက်ခြေကို နစ်မြုပ်သွားတာကို တွေ့မြင်လိုက်ရပြီးနောက် ရေကူးကန်ထဲ ခုန်ဆင်းကယ်ဆယ်ခဲ့တာပါ။

အလ်ဗာရက်ဇ်ကို ရေကန်ဘေးမှာ ဆေးကုပေးခဲ့ပြီးနောက်မှာ ထမ်းစင်ပေါ် တင်ခေါ်သွားပါတယ်။

“ဘယ်သူမှ၊ ဘယ်အသက်ကယ်သမားမှ ခုန်ချတာ မတွေ့ရလို့ သူရေထဲ ထပ်ဆင်းသွားရတာ ဖြစ်ကြောင်းနဲ့ အလ်ဗာရက်ဇ် အသက်မရှူတော့လို့ နည်းနည်းစိုးရိမ်မိပေမဲ့ ခုတော့ သက်သာသွားပြီဖြစ်ပြီး အနားယူဖို့လိုကြောင်း” လို့ စပိန်သတင်းစာ မာကာကို ဇွန် ၂၂ ရက်က ပြောပါတယ်။

အမေရိကန် အနုပညာဆန်တဲ့ ရေကူးအားကစား အင်စတာဂရမ် စာမျက်နှာက ကြေညာချက်မှာတော့ အသက် ၂၅ နှစ်အရွယ် အလ်ဗာရက်ဇ်ကို သောကြာနေ့က အသင်းလိုက် ယှဉ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်မချခင် ကြာသပတေးနေ့မှာ ဆရာဝန်တွေက အကဲဖြတ်မှာဖြစ်ကြောင်း ဖွှမ်တက်စ်က ပြောကြားခဲ့ပါတယ်။

ဒါဟာ ဖွှမ်တက်စ်က အလ်ဗာရက်ဇ်ကို ဒုတိယအကြိမ် ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။ မနှစ်ကလည်း အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲတခုမှာ သူဟာ ရေကူးကန်ထဲ ခုန်ချပြီးတော့ အလ်ဗာရက်ဇ်ကို သူ့ရဲ့ရေကူးဖော် လင်ဒီ ရှရိုးဒါနဲ့အတူ ဘေးလွတ်ရာကို ဆွဲထုတ်ခဲ့ရပါသေးတယ်။

စပိန်လူမျိုးနည်းပြ ဖွှမ်တက်စ်ဟာ ဟန်ချက်ညီ ရေကူးယိမ်း အားကစားနည်းမှာ အိုလံပစ်ဆုတံဆိပ် ၄ ကြိမ်ရ ချန်ပီယံလည်း ဖြစ်ပါတယ်။

//
More News
Up