အာဖဂန်ငလျင်ဘေး ကယ်ဆယ်ရေး တူရကီက အကောင်းဆုံးပံ့ပိုးနိုင်ဟု ကုလပြော

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငလျင်ဒဏ်သင့်ဒေသမှာ ရှာဖွေကယ်ဆယ်နိုင်စွမ်းက ကုလသမဂ္ဂမှာ ရှိမနေဘဲ တူရကီနိုင်ငံကတော့ ပံ့ပိုးဖို့အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ အကူညီပေးရေး အကြီးတန်းအရာရှိတယောက်က ဇွန် ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

အာဖဂန်မှာ ဇွန် ၂၂ ရက်က ငလျင်ကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ပြီး ဒဏ်ရာရသူ အယောက် ၆၀၀ ကျော် ရှိတဲ့အပြင် ဝေးလံသီခေါင်တဲ့ ရွာတွေက သတင်းအချက်အလက်တွေကြောင့် သေဆုံးဒဏ်ရာရသူဦးရေ ပိုတိုးလာနိုင်တယ်လို့ ကပ်ဘေးစီမံရေး အရာရှိတွေက ပြောပါတယ်။

အာဖဂန်ဆိုင်ရာ ကုလဒုသံတမန် ရာမစ်ဇ် အာလက်ဘာရော့ဗ်က “မြေပြင်က တူရကီသံရုံးနဲ့ စကားပြောပြီးပြီ။ သူတို့က တရားဝင် မေတ္တာရပ်ခံချက်ကို စောင့်နေတယ်” လို့ ပြောပါတယ်။

မြေပြင်က တကယ့်အခြေအနေပေါ် မူတည်ပြီး တာလီဘန် အာဏာပိုင်တွေနဲ့ ဆွေးနွေးပြီးမှ မေတ္တာရပ်ခံတာ ဆက်လုပ်နိုင်မယ်လို့လည်း သူကပြောပါတယ်။

တာလီဘန်တွေက နိုင်ငံတကာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ တရားဝင်အကူအညီ မတောင်းခံသေးပေမဲ့ ကုလသမဂ္ဂအနေနဲ့ ဒေသတွင်းနိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ကို အသုံးချဖို့ ဆန္ဒရှိမရှိ သိနိုင်ဖို့ အသံထုတ်ထားပြီလို့လည်း သူက ပြောပါတယ်။

တာလီဘန်တွေက ငလျင်သင့်တောင်တန်းဒေသတွေမှာ သူတို့အဖွဲ့တွေကို ဘယ်လောက်ကောင်းကောင်း ဖြန့်ကျက်တာဝန်ချထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကုလသမဂ္ဂကတော့ ဒေသတွင်း လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ၁၀ တန်လောက် ပို့ပေးခဲ့တယ်၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ ၂၀ တာဝန်ချထားပြီး အခြေအနေကို အမြန်အကဲဖြတ်ဖို့ ဆောင်ရွက်နေတယ်၊ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၅ သန်း ချက်ချင်းလိုအပ်မယ်၊ လာမယ့်ရက်တွေအတွင်း ကိန်းဂဏန်းတွေ ပိုတိုးလာနိုင်တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။

//
More News
Up